ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Saturday, September 12, 2015

ကျွန်မ နှင့် နိုင်ငံရေး



ဒီနေ့ဟာ စင်ကာပူနိုင်ငံသားတွေပါမက  ကျွန်မတို့အပါအ၀င် တိုင်းတပါးမှာ အလုပ်လာလုပ်နေကြရတဲ့ အခြားသောနိုင်ငံခြားသားများပါ  စိတ်လှုပ်ရှားရတဲ့ နေ့တစ်နေ့ပါ  ....  စင်ကာပူနိုင်ငံရဲ့  ဖခင်ကြီး လီကွမ်ယု မရှိတော့တဲ့ နောက်ပိုင်းမှာ  ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲအတွက် အားလုံး မျှော်လင့်နေကြတဲ့ နေ့ပေါ့....
လက်ရှိအုပ်ချုပ်နေတဲ့ PAP (People's Action Party) နဲ့ အဓိကအားပြိုင်နေတာကတော့  WP (Worker Party)  လေ သူသာ အနိုင်ရခဲ့ရင် နိုင်ငံခြား အလုပ်သမား အများစုကို နေရပ် ပြန်ပို့မယ်ဆိုတဲ့ သူတို့ရဲ့    ကျွေးကြော်သံကို စင်ကာပူနိုင်ငံသားတွေအတွက် ထူးခြားမှု မရှိပေမဲ့ ကျွန်မတို့လို ပြည်ပက သူတွေအနေနဲ့တော့ စိုးရိမ်စိတ် အနည်းငယ် ၀င်မိတာအမှန်ပါပဲ... (ဒီနေရာမှာ ကျွန်မ အတ္တကြီးနေနိုင်ပါတယ်)...

 
 


 

နိုင်ငံရေးဆိုတဲ့ စကားက ကျွန်မအတွက် သိပ်ကြီးကျယ်လွန်းနေပါတယ် ကျွန်မ နိုင်ငံရေးလုပ်တတ်သူ မဟုတ်ပါ  ဒါပေမဲ့  နိုင်ငံရေးကို စိတ်ဝင်စားပါတယ်  နိုင်ငံတစ်ခုအတွင်းမှာနေထိုင်တဲ့သူတစ်ယောက်ဟာ အဲနိုင်ငံရဲ့ စီးပွားရေးလူမှုရေး ပညာရေး အဘက်ဘက်က ကြည့်ရင် တစ်စိတ်တစ်ပိုင်းပါဝင်ပါတ်သက်နေရတာပဲ မဟုတ်လား.....
 
ခု ၂၀၁၅ နိုင်ဝင်ဘာ ဆိုရင် ပဲ ကျွန်မတို့နိုင်ငံရဲ့ ရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲရတော့မယ်.... ဘယ်ခေါင်းဆောင်တွေ ဘာလုပ်နေကြလဲ ကျွန်မ အားလုံးကို မသိနိုင်ပါဘူး  .... သူတို့တွေဟာ ကျွန်မတို့ တွေကို သတင်းအမှောင်ချထားတယ်လို့ပဲ ကျွန်မမြင်တယ် ....ဘယ်သူက နိုင်ငံအတွက် အကောင်းဆုံး လုပ်ပေးနိုင်မလဲ ...ကျွန်မမြင်သလောက် ကျွန်မသိတယ် စဉ်းစားတယ် ရွေးချယ်မယ်  ဒါလောက်ပါပဲ....
 
ဒါနဲ့ပါတ်သက်လို့ ကျွန်မ သိပ်စိတ်မကောင်းဖြစ်တာ တစ်ခုက ရှိနေပြန်ပါတယ်....  အိမ်တိုင်း လူတိုင်း သတင်းစာမဖတ်နိုင်တဲ့အချိန်... ကိုယ်ပိုင်စဉ်းစားဖို့ထက် သူတစ်ပါးစကားကို  အမှန်ထင်နေတတ်ကြတဲ့ လူတစ်စုက ၃၀%   ခန့်လောက်နိုင်ငံတွင်းမှာ ရှိနေပြန်ပါတယ်....  ကျွန်မလက်လှမ်းမှီရာ ရှင်းပြနိုင်ပေမဲ့ အချို့သော ဗဟုသုတ ချို့တဲ့နေသူတို့  အမှန်တရားကို မမြင်ကြမှာ သိပ်စိုးရိမ်ပါတယ် .... ကျွန်မ ဘက်မလိုက်ပေမဲ့ ကိုယ့်နိုင်ငံကို အဘက်ဘက်မှ  အမှန်တကယ် တိုးတက်အောင် လုပ်ဆောင်နိုင်မဲ့ သူမျိုးကို မရွေး မိလိုက်ကြမှာ ကြောက်မိပါတယ်.....
 
အပြင်းပြဆုံး  ဆန္ဒပြုမိတာကတော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်လာပါစေလို့ပဲ...........
 
 
 
 
 
 

Friday, July 3, 2015

She Or Thin Thin


" ကလုန် "
" အပုလေးရေ ငါသင်းသင်းပါ  "

အလုပ်ထဲမှာ ကွန်ပျူတာ ရှေ့ထိုင်ရင်း မက်ဆေ့ဝင်လာလို့ လှမ်းကြည့်မိသွားတယ်... နံပါတ်အစိမ်းနဲ့ record လုပ်မထားတဲ့နံပါတ် ဖွင့်မကြည့်မိသေးခင် ... ဒီနာမည်ကို ကလေးဘ၀က ပတ်ဝန်းကျင်က လူတွေပဲ ခေါ်ကြတာပါ စဉ်းစားရင်း... အော် သူလား... ဒီနာမည်ကြားဖူးသလိုရှိတယ်
နောက်တစ်စောင်

" နင် အဲဒီမှာ ပျော်နေပီလား "  " ငါပို့တာ ရောက်ရင်ပြန်ပြောဦး " 

 စာမပြန်မိသေးဘူး... အတွေးထဲမတော့ ငါကပဲ သူ့စာပို့တဲ့အချိန်ပြန်ဖို့ အချိန်တိုင်းအားနေသလို...

" ဖုန်းနံပါတ် နင့်ညီမ ၀မ်းကွဲပေးတာ "

ဖုန်းကောက်ကိုင် စာရေးလိုက်မိတယ်...

" လူဆိုတာ ပျော်ရာမှာမနေ တော်ရာမှ နေရတာပေါ့ဟာ "

ဒီစာပြန်ရေးလိုက်လို့ အံ့သြသွားပုံပါပဲ...

 " နင်အသက်ကလေးရလာတော့ ရင့်ကျက်လာပီပေါ့ "

(ငါ ရင့်ကျက်လာတာ ခုမှမဟုတ်ပါဘူး မိသင်းရယ် နင်နဲ့ စကားမပြောဖြစ်တာကြာလို့ ငါပြောင်းလဲလာတာကို နင်မသိခဲ့တာပါ...  နေစမ်းပါဦးလေ ခုမှ ဘာလို့ လာပီး စကားတွေပြော လွမ်းခန်း ဖွင့်နေရတာတုန်း... ငါ ရန်ကုန်မှာ အလုပ်လုပ်တုန်းက ရွာကို ပြန်လာတော့ နင်က စစ်ဗိုလ်လိုလို ရဲလိုလို တစ်ယောက်နဲ့ အိမ်ထောင်ကျခါစပေါ့ မင်္ဂလာဆောင်လဲ မဖိတ်ခဲ့ ငါ့အိမ့်ရှေ့က ဖြတ်လျှောက်တာတောင် လှမ်းနှုတ်မဆက်တဲ့သူက အခုလို ငါ နိုင်ငံရပ်ခြားမှ အလုပ်လုပ် အဆင်ပြေတယ်ဆိုတော့မှ ဖုန်းကတဆင့် စာပို့တယ်ဆိုတော့ ထူးဆန်းနေတာပေါ့လေ... ) ဒါလဲစိတ်ထဲကပဲ ပြောမိတာပေါ့လေ...

" နင်နဲ့ငါ ဆယ်တန်းတုန်းက အကြောင်းတွေကို သတိရတယ် "
 
" နင့်ကို သတိရတာ အရမ်းပဲ မျက်ရည်တောင်ကျချင်တယ် "

(နင်အဲလိုပြောတော့လေ ငါ လန့်သွားလိုက်တာဟယ်  ဒါပေမဲ့လည်းလေ မျက်ရည်ကျချင်... ကျပေါ့  သုတ်ပေးမဲ့သူရှိသားပဲဟယ် ငါတော့မဟုတ်ဘူးဟ နင့်မောင်တော်ကြီးပေါ့... နင်လို စကားတွေ မဟုတ်တာကော ဟုတ်တာကော ဖောရှောပြော လိမ်ညာစားတတ်တဲ့ မိန်းမကြီးနဲ့ မိတ်ဆွေမလုပ်ချင်တော့ဘူးဟယ်  ငါ့ကို လာမခေါ်ပါနဲ့လို့ ) စိတ်ထဲကထပ်ပြောမိပြန်တယ်... တဆက်တည်းမှာပဲ သူဗီလိန်လုပ်ပီး  ညာဝါးခဲ့တဲ့ ကိစ္စတစ်ချို့ပါ ခေါင်းထဲ ၀င်လာပေမဲ့လည်းလေ..

" အေးပါ ငါအလုပ်ထဲမှာမို့  နောက်မှ အေးဆေးပြောကြတာပေါ့ "

လို့ပဲ........................... အဟောင်းတွေကို ဇာတ်ကြောင်းပြန်လို့ ကောင်းမလာနိုင်တော့ပါဘူးလေ...


ညီမလေးကို ပြောထားဦးမှပါ... လူတိုင်းကို အစ်မဖုန်းနံပါတ် မပေးဖို့...




Tuesday, June 16, 2015

Moving Forward


မောင်လေးရေ
အနိုင်အရှုံးကို သန့်ရှင်းမှုလေးဦးစားပေးလို့
တို့တွေကစားကြစို့လေ...
 
နိုင်ချင်တာပေါ့ မောင်လေးရေ
တင်းမ်ဆိုတာ ဘာလဲ ပြလိုက်ပါ
တစ်ဦးချင်းပေါင်းလို့ တစ်သင်းစာထောက်မှ
ဒိုင်းဆုကြီး လဲမကျလိမ့်မယ်...
 
နိုင်ချင်တာပေါ့မောင်လေးရေ
သူတစ်ပါးမျက်ရည်နဲ့ အနိုင်မယူချင်ပေမဲ့
တို့တွေအရှုံးအတွက်ပါ အပြုံးလေးတွေ
ပြင်ဆင်ထားပါ့မယ်...
 
ဒီနှစ်မှာလဲ ယခင်လိုပဲ
ကွင်းထဲအရောက် လာအားပေးပါ့မယ်
အားလုံးအတွက် မင်းတို့
ပိုတိုးကြိုးစားဖို့လိုလိမ့်မယ်...
 
နိုင်ချင်တာပေါ့ မောင်လေးရေ
အရှုံးကြားမှာ စိတ်ဓါတ်မကျပါနဲ့
တို့တွေ ရင်ထဲမှာ မင်းတို့နိုင်တယ်
နောက်တစ်ကြိမ်အတွက်ခွန်အားဖြည့်လို့
တို့များ အားတင်းထားကြစို့...

 
 
* ဆီးဂိမ်းစ် ၂၀၁၅ (ထိုင်း-မြန်မာ ဗိုလ်လုပွဲအပြီး ..............)
 
 
 
 
 
 

Saturday, May 16, 2015

Once Upon A Time


အဲဒီချိန်တုန်းကပေါ့
ရေနံဆီ မီးရောင်အောက်ဝယ်
တို့အတူတူ ပဲအခွံချွတ်တမ်းကစားကြတယ်

အဲဒီချိန်တုန်းကပေါ့
သင်ဖြူးဖျာခင်း စကားနှောရင်း
သက်ကယ်ယက်ရင်း နှီးထွင်ကြတယ်...

အဲဒီချိန်တုန်းကပေါ့
တစ်ရွာလုံးတွင်မှ တီဗွီတစ်လုံးကို
ငွေငါးမူးပေး မကြည့်အားအောင်
တူတူဝှက်လို့ ပုန်းကြတယ်...

အဲဒီချိန်တုန်းကပေါ့
လရောက်အောက်မယ်
မှိတ်တုတ်ကျီစယ် ပိုးစုန်းကြူးငယ်တို့နဲ့
အလုအယက် အပြေးပြိုင်တယ်...

အဲဒီချိန်တုန်းကပေါ့
နေ့လယ်နေ့ခင်း တပျော်တပါး
စပါးကြိတ်ရင်း ဆန်ဖွတ်ကြတယ်...

အဲဒီချိန်တုန်းကပေါ့
ကျောင်းကမ်းနဘေး လှည်းလမ်းလျှောက်လို့
စမ်းရေအေးသောက်ဖို့ ခပ်ကြတယ်...

အဲဒီချိန်တုန်းကပေါ့
မိုးဖွဲဖွဲအောက် ချောင်းမြောင်းတလျှောက်
ပုစွန်ဖမ်းရင်း ကဏန်းကောက်တယ်...

အဲဒီချိန်တုန်းကပေါ့...
.
.
.


* ရွာကိုလွမ်း၍  ရွာအကြောင်းရေးသည်




Tuesday, May 5, 2015

Waiting For One Day


သူလိုပဲ နှုတ်ဆက်ချင်ပြီ

စင်ကာပူကို အပြီးတိုင်နှုတ်ဆက်လို့ သူငယ်ချင်းတစ်ယောက် မနက်ဖြန်ပြန်တော့မယ်
တခြားသူငယ်ချင်းတွေပါ စုပြီး မိတ်ဆုံစားပွဲလုပ်ကြတယ်
ကျောင်းသားဘ၀ ကစလို့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြတယ်
ကျောင်းပြီးလို့ ရန်ကုန်ကို တက်လာတုန်းကလည်းသူက တစ်နှစ်စောခဲ့တယ်
စင်ကာပူထွက်လာတော့လည်း ကိုယ်က နှစ်နှစ်နောက်ကျရစ်တယ်
ခုချိန်ဟာ သူကောကိုယ်ကောက ၀မ်းသာဝမ်းနည်းဖြစ်လို့
အပြန်လမ်းမှာ စဉ်းစားလာတာက
ကိုယ်တွေ ဘယ်တော့ ပြန်ရမလဲပေါ့

.
.
.
.
.




Tuesday, April 14, 2015

Water Splashing Festival - ရေသဘင်ပွဲတော်(သင်္ကြန်)



နှစ်သစ်ကူးပြောင်းချိန် ရောက်ရှိလို့လာပေပြီ...  နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ရေသဘင်ပွဲတော်များကို  မြန်မာ အပါအ၀င် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ယူနန် တရုတ် စတဲ့ အရှေ့တောင်အာရှနိုင်ငံများမှာ နှစ်စဉ် ကျင်းပလေ့ရှိကြပါတယ်.. ရေလောင်းရေပက်ကြတဲ့ ဓလေ့ရိုးရာဟာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်လို့ နှစ်သစ်ကို ကြိုဆိုကြခြင်း ဖြစ်သလို ရေစင်ရေအေးဖြင့် လောင်းကာ တစ်ဦးကိုတစ်ဦး ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ လေးစားခြင်း သဘောဖြင့် ကျန်းမာချမ်းသာစေခြင်း၊ အန္တရာယ်ကင်းစေခြင်း၊ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ပြည့်စုံစေခြင်းငှါ  ဆန္ဒပြုကြတဲ့ သဘောလည်းဖြစ်ပါတယ်...

တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူမျိုး၊ ဓလေ့စရိုက် တူညီနိုင်ဖို့ ခဲယဉ်းလှသော်လည်း ရေသဘင်ပွဲတော် ကိုတော့ အဆိုပါ နိုင်ငံများမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာ ထူးခြားမှု တစ်ခုပင်ဖြစ်တော့သည်... ရေသဘင်ပွဲတော်ကို  ဧပရယ်လ် လလယ်မှာ ၁၃ ရက်နေ့မှ စ၍ သတ်မှတ်ထားတဲ့ ရက်အတွင်း ကျင်းပလေ့ရှိကြပါတယ်... 

ပါဠိဘာသာ သင်္ကန္တ မှ ဆင်းသက်၍ ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရကာ  မြန်မာနိုင်ငံမှာတော့  သင်္ကြန် (အတာသင်္ကြန်) ၊ ထိုင်းနိုင်ငံတွင် Songkran ၊ ကမ္ဘောဒီးယား မှာ Chol Chhnam Thmei ၊ လာအိုတွင် Boun Pi Mai စသဖြင့် အခေါ်အဝေါ် ကွဲလွဲသော်လည်း နှစ်ဟောင်းမှ နှစ်သစ်ကို ကြိုဆိုကြပုံမှာ အတူတူပင်ဖြစ်သည်... နှစ်ကူးကာလအတွင်း၌  ဘုရားသွားကျောင်းတက်ခြင်း၊ သီတင်းသီလဆောက်တည်ခြင်း၊  ဘုရားရေသပ္ပာယ်ခြင်း၊ အမွှေးနံသာများ ပူဇော်ခြင်း၊ ပန်းများဆက်ကပ်ခြင်း၊ သက်ကြီးရွယ်အိုများအားအရိုအသေပေးခြင်း၊ သက်လွှတ်ပွဲများကျင်းပပုံမှာလည်း တူညီကြပြန်လေသည်...


သင်္ကြန်ရေဖြင့် စိတ်ရော ကိုယ်ပါ အေးချမ်းမှု ရကြပါစေ...


It is time to New Year Parade. There is the celebration of Water Splashing Festival in South East Asia Countries, Thai, Laos, Cambodia, Sri Lanka, Yunnan China including Myanmar. It means that people clean and purify the dirty from old year with water and welcome to New Year as ritual. They pour water each other as an expression of prosperity, happiness, and desire the good luck in coming year. They do the good things to be blessed during the festival.
 
The festival is hold from 13th to 15th April according to their Annual Calender. This is the famous and special festival organizing among the different countries, nationalities and traditions.
 
Thingyan comes from ThinKanTa, means Transferring or Changing. There are different names for Water Splashing Festival. For instance, Thingyan in Myanmar, Songkran in Thailand, Chol Chhnam Thmei in Cambodia, Boun Pi Mai in Laos. Neverless they have different names, most of activities are almost same. They go to temple and worship, hear the monk's lecture, fast. People take fragrant water to make Buddha Statues clean called Bathing the Buddha and offer flowers. After that, they release the being animals like crabs, fishes, etc.
 
 

Thursday, April 2, 2015

Good Morning

     တိုင်းမ်ကဒ်မှတ်စရာ မလိုပေမဲ့  အလုပ်ကို အမြဲ နောက်မကျအောင်သွားဖြစ်တယ် ရုံးဆင်းရင်လည်း  အချိန်နည်းနည်းစွန်းမှ ပြန်တယ်  ဒီနေ့မနက်ရုံးလာတာ ငါးမိနစ်လောက်နောက်ကျတယ်  ခါတိုင်းဆို ဒီချိန် မန်နေဂျာမရောက်သေးဘူး ဒီနေ့မှ သူစောစောရောက်နေတော့ မောနင်းလို့ နှုတ်ဆက်လိုက်ပြီးမှ အလုပ်စားပွဲရှိရာသွား  ပစ္စည်းတွေနေရာချနေတုန်း  ဖောရိန်နာ အင်ဂျင်နီယာက အနားလာပီး...
"ဟိုင်း မောနင်း  Chit Chit"
ကြားကြားချင်းတော့ ဘာလဲလို့ ကြောင်သွားတာ  ၊ ပြီးမှ  မြန်မာနိုင်ငံမှာ ကောင်လေးတွေက သူ့ကောင်မလေးတွေကိုခေါ်တာလေ Chit Chit ဆိုတဲ့  ... ဘယ်သူသင်ပေးလို့တတ်လာသလဲ မသိဘူး၊ မိန်းမရှိသားနဲ့တောင် ငါ့ လာကြောင်နေပါလားပေါ့  ဒါနဲ့ ကျွန်မလည်း  ဟုတ်လား ဒါဆို ငါ က နင့်ကို ချီးတုတ်လို့ခေါ်မယ်လို့ ဆိုတော့  သူက အဲဒါ ဘာအဓိပ္ပါယ်လဲတဲ့  ချီးတုတ်ဆိုတာ ကောင်မလေးက ကောင်လေးကို ပြန်ခေါ်ရတာလို့ ပြောလိုက်တာ သူကျေနပ်သွားလေရဲ့ ...  




Wednesday, April 1, 2015

April Fool






ဒီနေ့ ဧပရယ် တစ်ရက်နေ့ 
သင်္ကြန်ရဲ့ အငွေ့သက်လေးတွေ ရတယ်

ပိတောက်အတွက် ခံစားမှုမရှိတဲ့ နိုင်ငံမှာ 
စိတ်ကူးနဲ့သာ မှန်းဆ ပျော်ရုံ...

လူပြောများတဲ့ ဧပရယ်လ် ဖူးလ် ဒေး   .........
မုသားမပါ positive ဆောင်စေမဲ့ ဖူးလ် ဒေး လေးသာ ဖြစ်ပါစေ...



Tuesday, March 24, 2015

အမှတ်တရ နေ့စွဲ တစ်ချို့

 

 

                         ကြာတော့ ကြာခဲ့ပါပီ အမှတ်တရတွေ အများကြီးထဲမှာမှ ဒီနေ့ ရထားစီးရင်း ဗိုက်ထဲက ဆန္ဒပြလာလို့ သတိရမိသွားတာ  လွန်ခဲ့သော တက္ကသိုလ်တက်ချိန်ကပေါ့  သူငယ်ချင်းနဲ့ တူတူ ( သူမက ဟသာင်္တသူပါ ကျွန်မက ကြံခင်းသူ)  မဲဇလီကုန်း က သူငယ်ချင်းတစ်ယောက်မင်္ဂလာဆောင်လာခဲ့ပါဖိတ်တာရယ် ကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်တော့ ဟသာင်္တကနေ ပုသိမ်-ကြံခင်းရထားစီးပီး နေ့ချင်းပြန် သွားကြစဉ်  ကံမကောင်းစွာ ရိုးရိုးတန်းလက်မှတ်ပဲရတယ်လေ...
                        သူငယ်ချင်းအတွက် လက်ဖွဲ့တွေ လူကြုံပစ္စည်းတွေပါ ပိုက်လို့ပေါ့  ပုသိမ်-ကြံခင်းရထားလိုင်းက စီးဖူးသူတိုင်းသိကြပါတယ်  လူတန်းစားပေါင်းစုံ ခြေချစရာနေရာမရှိအောင်ကို အထက်တန်းတွဲက ခုံပြည့်ရင် လူပိုအတင်မခံဘူး ရိုးရိုးတန်းက ထိုင်ခုံရသူ မရသူ အားလုံး စုပြုံစုံကျ တဲ့ ကြားထဲ ပစ္စည်းတွေက လမ်းတစ်လျှောက်ပြည့်ကြပ်အောင်တင်တာ... အများအားဖြင့် အခြေခံလူတန်းစားအတော်များများက ရိုးရိုးတန်း စီးကြတာ များပါတယ်  တစ်ချို့ကလည်း ခရီးအေးဆေးသွားချင်လို့ အထက်တန်းကို ဈေးကြီးပေးစီးချင်ပေမဲ့ ခုံလက်မှတ် ကုန်ရင်  ရိုးရိုးတန်းကို အလိုလို ရောက်သွားတာပါပဲ ဒီထဲမှာ ကျွန်မတို့ အပါအ၀င်ပေါ့...ထိုင်ခုံရတာကိုပဲ ၀မ်းသာလှပီ သွားရမဲ့ နေရာက ဟသာင်္တ ဘူတာမှ ငါးဘူတာလောက်  နှစ်နာရီခန့်ခရီးပါ ..
                     ကဲ ရထားကြီးက ထွက်ပါပီ ရထားနဲ့ ခရီးမသွားဘူးတဲ့ ကျွန်မ သူငယ်ချင်းမက ပျော်လို့  ဟင်္သာတမြို့က နေ ပထမဆုံး ဘူတာဖြစ်တဲ့ မြို့ကွင်းရောက်တော့ ထမင်းစားချိန်လည်းရောက်ကော နာမည်ကြီး မြို့ကွင်းထမင်း ထုပ်သည်တွေက ပုဇွန်နဲ့ စားမလား ကြက်သားဆီပြန်နဲ့လား  အပြိုင်အဆိုင် ရောင်းနေကြတာ စမူဆာ အသုပ် လျှက်စား ရေနွေးပဲသောက်မလား  ဗေဒင်ဆရာပါမကျန် ဈေးကွက်ကြီး တစ်ခုလိုပါပဲ ဆူညံနေတဲ့အသံတွေကြား အိပ်သူလည်းအိပ်ပျော်ကြရဲ့   ကျွန်မတို့နှစ်ယောက်လည်း ဗိုက်ဆာဆာနဲ့ သူများတွေနဲ့တူတူ ထမင်းထုပ် ၀ယ်စားကြတာပေါ့... အဲသူငယ်ချင်းမဆိုရင်လေ လက်ထဲမှာသာ ပိုက်ဆံရှိရင် ဘာစားမယ် ဘယ်သွားမယ် ဘာဝယ်မလဲ နှစ်ယောက်တည်းနဲ့ ပွဲစည်တယ် ခုလည်း စားကြ သောက်ကျပြီးလို့ နောက်တစ်ဘူတာ လည်းထပ်ရောက်ရော  သဘာဝရဲ့ တောင်းဆိုမှုကို မလွန်ဆန်နိုင်တော့ဘူး  ကျွန်မကိုလက်ကုတ်ပီး အိမ်သာဘယ်မှာလဲတဲ့ ကျွန်မလေ ကြံခင်းကနေ ဒီရထားစီးနေကျဆိုတော့ ကောင်းကောင်းသိတယ်  ရိုးရိုးတန်းက အိမ်သာတွေဟာ ရေမပါ တံခါးဆိုလည်း ပျက်စီးနေတတ်တာ နောက် နှစ်ဘူတာဆိုရောက်ပီ ခဏအောင့်ထားပါဆို သူကလည်း မရတော့ဘူး  ဒါဆိုလည်း သွားချေဆိုတော့ တစ်ယောက်တည်းမသွားချင်   လိုက်ပို့လိုက်မှ သူကကိစ္စရှင်းဖို့ အထဲဝင်တော့ ကျွန်မ အပြင်က ရပ်စောင့်ရုံပေါ့  အထဲရောက်မှ ရေကမရှိ တံခါးကလည်း  အောက်ပိုင်းပေါက်နေလို့ ပါလာတဲ့ ပါဆယ်အထုပ်တစ်ချို့နဲ့ ကာပေးထားလိုက်ရတယ် တံခါးမင်းတုန်းကလည်းပျက်နေသေးတယ် ရထားကလည်း နွားလှည်း စီးရသလို အထဲကလူတော့ ဘယ်လိုနေမယ်မသိ အပြင်မှာ ရပ်နေတဲ့ ကျွန်မတောင် မလဲကျအောင် မနည်းထိမ်းနေရတယ် မြင်ယောင်ကြည့်တိုင်း ရယ်ရခက် ငိုရခက်ပဲ တအောင့်ကြာတော့ သူငယ်မ ပြန်ထွက်လာပါကော သူ့မျက်နှာမှာတော့ ၀န်ထုပ်ကြီးတစ်ခု လွှတ်ချလိုက်ရသလို နေသာထိုင်သာ ရှိသွားတဲ့ပုံ ထိုင်ခုံနေရာ ပြန်သွားမယ်  ကြည့်တော့  ထိုင်ခုံမှာ သူများတွေ နေရာယူပြီးနေကြပေါ့  လူကလည်း ကျပ် အတွင်းပြန်ဝင်ရခက်နဲ့ နှစ်ယောက်သား အ၀င်ဝမှာပဲ ရပ်ပီး ဆင်းရမဲ့ ဘူတာ အမြန်ရောက်ပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်   မကြာခင်ပဲ မဲဇလီကုန်း ဘူတာ ဆိုက်ရောက်ပါတော့တယ်  သူငယ်ချင်းတွေလည်းလာကြိုနေကြရဲ့  အဲအချိန်ကျတော့လည်း  ရထားပေါ်က  ဒုက္ခ သေးသေးလေးကို  ခဏတာ မေ့သွားကြပြန်ရော နောင်တစ်ချိန်တော့ ရယ်စရာ တစ်ခုအဖြစ် တိုက်ဆိုင်တိုင်း ပြန်ပြော ဖြစ်ကြမယ် ထင်ပါရဲ့ ...



သူငယ်ချင်းတစ်ယောက်နဲ့
 
အမှတ်တရ
 
 
 
 
 

Wednesday, March 18, 2015

ပူ+ဆာ



လိုအပ်ချက်နဲ့ လိုချင်မှု ဘက်မမျှတွေထဲမှာလိုအင်တွေများရင် ပူလောင်တတ်တယ်  ပူတော့ ရေဆာသလိုပဲ လိုချင်တော့ ရှာဖွေရတယ် ရှာဖွေတော့ ပင်ပန်းရမယ်  ဆန္ဒတွေဟာ ပြီးပြည့်စုံတယ်မရှိလှဘူး

မွေးကင်းစတည်းက လိုချင်တာကို  တောင့်တခွင့်မရခဲ့သလို တောင်းဆိုဖို့ကိုလည်း နှုတ်မထွက်ရဲခဲ့ဘူး  ကလေးဘ၀ တီဗီတွေ အိမ်တိုင်းမ၀ယ်နိုင်သေးတဲ့ အချိန်တစ်ခုတုန်းက   အဖေ အမေကို ပြောဖူးတယ်  ကက်ဆက် သေးသေးလေး လိုချင်တယ်လို့ ပူဆာမိတယ် စားဝတ်နေရေး အတွက်  အဓိက ရုန်းကန်နေရတဲ့ မိဘကို  စာနှာဖို့ မစဉ်းစားတဲ့အရွယ်မှာတော့  မရမှန်းသိတဲ့ အချိန်က စလို့ နောင်ဘာပဲလိုချင်လိုချင် မတောင်းဆိုမိတော့ဘူး  

ပညာသင်ခွင့်ဟာ မတောင်းဆိုပဲ ရခဲ့တဲ့ ဆုလဒ်တစ်ခု ဖြစ်ခဲ့သလို  စာမေးပွဲကျရင် နှစ်ခါ အခွင့်အရေးမရှိဆိုတဲ့ ရာဇသာန်အောက်မှာ အကြောက်ရွံဆုံး ကျရှုံးမှုကို လွတ်အောင်ရှောင်ခဲ့တယ်  

ဘ၀မှာ မိဘကျေးဇူးနဲ့ ရခဲ့တာ ဘွဲ့တစ်ခု ဒါဟာ ဘ၀အမွေလို့ ခေါင်းစဉ်တပ်ခံခဲ့ရတော့  ထပ်တောင်းဆိုဖို့ ကို အပြီး ပိတ်ပင်လိုက်သလိုပဲ  အမှတ်မရှိလေတော့ အလုပ်ဝင်ခါစမှာ  မိဘကို လိုချင်တာလေးရနိုးနိုး ဖွင့်ဟမိတာ ကွန်ပျူတာလေး တစ်လုံး   ပညာသင်ပေးပြီးပြီ  ကိုယ့်ဘ၀ကိုယ် လျှောက် ဆိုတဲ့ စကားက ခါးသီးလွန်းတယ် 

ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လို့ မိဘကို ထောက်ပံ့နိုင်တဲ့အချိန်  ကိုယ်တိုင်လုပ်ယူလို့ရပေမဲ့  ချစ်သောသူတွေဆီက မေတ္တာလက်ဆောင်ကို လိုချင်နေဆဲပဲ ဒါလောဘပေပဲလား  ပေါက်မဲမရှိတဲ့ ကံစမ်းမဲ ကို နှိုက်မိတာ  ဒါနောက်ဆုံးဆိုတာ သေချာသလောက်ပါ  ၀မ်းနည်းသလို စိတ်မကောင်းလည်းဖြစ်မိတယ်  

လောကမှာ လိုချင်နေသရွေ့ မောပန်းကြရဦးမယ် 
ရယူခြင်းမဟုတ်တဲ့ ပေးဆပ်ခြင်းနဲ့သာ ပျော်ဖို့ ကြိုးစားရဦးမှာပါ









Thursday, March 12, 2015

ကျွန်မ နှင့် ဧည့်သည်များ



 
ပြန်တဲ့ သူက ပြန်ကြပြီ
လွပ်လပ်ခွင့်ပေးလိုက်ပါလေ
သူတို့လည်း အိမ်လွမ်းရှာမှာပေါ့
...
 
လာတဲ့ သူတွေလည်း လာကြလှဲ့
ကြိုဆိုလိုက်ပါလေ
သူတို့ရဲ့ မျှော်လင့်ချက် တစ်ချို့အတွက်
...
 
ကိုယ်တိုင်က လမ်းခုလပ်မှာ
ပြန်သူကို နှုတ်ဆက်
လာသူကို ဆီးကြိုလို့
...
 
ဘယ်လမ်းကိုရွေးမလဲ တွေဝေနေဆဲ
...




Wednesday, March 4, 2015

တွေးမိရေးရာ

             
          စာမရေးဖြစ်တာ ကြာသွားပီ  စာဆိုတာလည်း  အကြောင်းအရာ မယ်မယ်ရရမရှိ  feeling မပါပဲ ရေးမကောင်းလား  ခုရက်ထဲ အလုပ်ကလည်းရှုပ်တယ်   ကုမ္ပဏီက ရုံးခန်းပြောင်းတယ်  အလုပ်သမားတွေ ထုပ်ကြ သယ်ကြပေမဲ့ ကိုယ့်ရဲ့ စာရွက်စာတမ်း ဖိုင်တွေကို ရောမှာ စိတ်မချတာနဲ့ ကိုယ့်ဘာသာထုပ်ပိုး  နေရာ သစ်မှာ ပြန်လည် နေရာချ  ..... အရေးထဲ  တစ်ခြားဆိုဒ်က  ၀န်ထမ်း ခွင့်ယူထားလို့ ဟိုဘက် ပြေးလိုက်ရသေးတယ်   ... အဓိကတော့ သူငယ်ချင်းတစ်ယောက် အလည်လာပြီး အလုပ်ရှာတော့  ကူညီနေရာချပေး  အလုပ်ရှာနည်းပြ  လိုအပ်တာ စီစဉ်ပေး ..... 
 
           တကယ်တော့ နိုင်ငံရပ်ခြားဆိုတာ  ရန်ကုန်လိုမဟုတ်  အလုပ်လာလုပ်ချင်လို့ အလုပ်ရှာပေးထားပါ လို့ အာမခံလို့မရ   ကိုယ့်အားကိုယ်ကိုး  အင်တာဗျူးတွေသွား   လူတွေ့စစ်ဆေး  ကံကောင်းလို့ အလုပ်ရခဲ့တောင် ကိုယ့် performance ကို သူဌေးမကြိုက်ရင် အစမ်းခန့် ကာလအတွင်း  ထုတ်လို့ရတာ  အားနာမှုဆိုတာ မရှိ အလုပ်က အလုပ်ပဲ..
 
           သူငယ်ချင်းနဲ့ အတူလာတဲ့ ကောင်မလေးက  IT နဲ့ ကျောင်းပီးထားပေမဲ့    Drafter နဲ့ အလုပ်ရှာတယ်  သူငယ်ချင်းကတော့ အင်ဂျင်နီယာပေါ့လေ    သူတို့နှစ်ယောက် အတူတူလာကြတော့ အိုင်တီသမားက  ကွန်ပျူတာ ကျွမ်းကျင်တော့ အလုပ်ရှာတာ  ချောမောနေမှာပါပဲ သူငယ်ချင်းနဲ့ တူတူ လျှောက်ကြမယ်ပေါ့ တကယ်တော့ အဲလိုမဟုတ်ခဲ့ စလာတဲ့ နေ့ကတည်းက သူတို့ကို တည်းခိုရမဲ့ နေရာ လိုက်ပို့ပီး သူငယ်ချင်းအတွက် လိုအပ်တာတွေ ပြောဆို လုပ်ပေး  အလုပ်လည်းကြိုလျှောက်ထားပေးတယ် ဆိုကတည်းက သူမ စိတ်ထဲမှာ ဘယ်လိုထင်နေလဲ မသိပါ  သူ့မှာတော့ ကူညီမဲ့သူ မရှိ  သူငယ်ချင်းကိုတော့ ကိုယ်က လုပ်ပေးထားတယ်ပေါ့   နောက်နေ့က စပြီး သူမ အလုပ်လျှောက်တိုင်း  တိတ်တိတ်လေးပဲလျှောက်တယ်  မသိလို့ မေးချင်တာတောင် သူ့အနားရောက်သွားရင် ကွန်ပျူတာကို ချက်ချင်းပိတ်လိုက်တယ်...  
 
        ဒီနေရာမှာတော့ တခြားနိုင်ငံသားတွေနဲ့ မြန်မာတွေခြားနားချက်က တော်တော် သိသာသွားတယ် မြန်မာလူမျိုးတွေဟာ အပြင်က ပြုံးနေသလောက် အတွင်း စိတ်က  ဆန့်ကျင်ဘက်   ကိုယ့်ဆီက ပညာ၊ အတွေ့အကြုံ ကို ဝေမျှပေးရမှာ တွန့်တိုကြတယ် သူများ ကောင်းတာဖြစ်ရင် မနာလိုစိတ်လေးတွေ ရှိနေကြတယ် ကိုယ်ကိုတိုင်ကော ဒီထဲက လွတ်ကင်းလို့လားလို့ တွေးမိတယ်  ကိုယ့်အောက် နိမ့်ကျတဲ့ သူကို သနားနိုင်ပေမဲ့ ကိုယ့်ထက် မြင့်တဲ့ သူကိုပါ   မုဒိတာ ပွားဖို့ ခက်ခဲကြတယ်မဟုတ်လား ကိုယ်တိုင်လည်း အများကြီး ကြိုးစားရပါဦးမယ်....
 
 
 

Tuesday, February 3, 2015

ခန့်ညားလှသော ပုဂံပြည်

           
        


          ရောက်ချင်ပါခဲ့လျှက် အခြေနေ အမျိုးမျိုးကြောင့် မရောက်ခဲ့ရသော ပုဂံပြည်ကြီးကို တကယ်ရောက်ရှိခဲ့ပါပီ ငယ်စဉ် မိဘတွေ က ဘာလို့ မပို့ပေးခဲ့ပါလိမ့်လို့ အပြစ်တင်နေမဲ့ အစား ကိုယ်တိုင် မိဘတွေကို  ပို့ဆောင်ပေးခဲ့တာကိုပဲ ကျေနပ်နေမိတော့တယ် ပုဂံကိုသွားမယ်ဆိုရင်  ကားဖြင့်သော်လည်းကောင်း  ရထားဖြင့်သော်လည်းကောင်း သွားရောက်နိုင်ပါတယ်... ပုဂံဆိုတာ မြန်မာတိုင်းသိသင့် ရောက်သင့်တဲ့ နေရာ တစ်ခုပါပဲ ရေတွက်လို့မရနိုင်တဲ့ စေတီပုထိုးတွေ လက်ညှိုးထိုးမလွဲရှိနေခြင်း၊ ဆေးရေးပန်းချီနဲ့ ကျောက်စာများဟာ ရှေးခောတ် မြန်မာလူမျိုးတွေရဲ့ ချမ်းသာကြွယ်ဝမှု ဘာသာတရား အလေးထားမှုတွေကို ခန့်မှန်းရနိုင်ကောင်းပါတယ်...

           ကျွန်မတို့ သွားခဲ့စဉ်က ရန်ကုန်မှ တဆင့် ကားစီးလုံးငှါးပီး သွားရောက်ကြပါတယ်   နံနက်စောစော ရန်ကုန်က ထွက်ရင် ပုပ္ပါးတောင်ခြေကို  မွန်းလွဲ နှစ်နာရီခန့် ရောက်တာပါ  အပန်းဖြေ ညနေ လေအေးနဲ့ ပုပ္ပါးတောင်ကို တက်ရတာလည်း ပျော်စရာကောင်းပါတယ်  သတိပြုစရာတစ်ခုက  ပုပ္ပါးတောင်မှာ မျောက်ကလေးတွေ ပေါပါတယ်  လူတစ်ယောက်ဆီက ပစ္စည်းကို ဆွဲသွားပီး အမြင့်တက်သွားရင် လိုက်ယူဖို့ရာ ခက်ခဲပါတယ်  ဒါကြောင့် ပုပ္ပါးတောင်ကို တက်တော့မယ်ဆို  မျက်မှန် တဘက် ဝေါလက် ဟန်းဘက် တွေကိုသေချာ စွာ ကိုင်ထားသင့်ပါတယ်  ပုပ္ပါးတောင်က အပြန်  ညောင်းဦးမှာဖြစ်ဖြစ်  ပုဂံမြို့သစ်မှာဖြစ်ဖြစ် တည်းခိုနိုင်ပါတယ်  ခရီးသည် များတဲ့ ရက် များဆို တည်းခိုမဲ့ ဟော်တယ် ၊ ဂစ်ဟောက် တွေ ပြည့်နေတတ်ပါတယ်  ဒါကြောင့် ခရီးစမထွက်ခင် ဖုန်းဆက်ပီး ကြိုတင် မှာထားတာ စိတ်ချရပီး  တစ်နေရာဆီ လိုက်မေးနေရတဲ့ အချိန်ကုန်ခြင်းကို လျော့ စေပါတယ်  ခုခောတ်မှာတော့ အင်တာနက်မှာ ပုဂံတည်းခိုးခန်း ဟော်တယ် ရှာရတာသိပ်လွယ်ကူလှပါတယ်...

        နောက်တစ်နေ့ မနက်မှာတော့ စွယ်တော်လေးဆူနဲ့ အခြားတန်ခိုးကြီး ဘုရားများ စုံအောင် ဖူးလို့ရပါပီ အဓိက တန်းခိုးကြီး ဘုရားတွေက  တုရင်တောင် စေတီ၊ ရွှေဆီးခုံ၊ လောကနန္ဒာ ဘုရား၊ ဘူးဘုရား၊ တန့်ကြည့်တောင် စေတီ၊ ဓမ္မရံကြီးပုထိုး၊ သဗ္ဗညု ဘုရား၊ ရွှေဆံတော် ဘုရား အပြင် အခြား ရေတွက်လို့မတဲ့ ဘုရားပုထိုးပေါင်းများစွာကို အချိန်ပေးနိုင်သလို ဖူးမြော်နိုင်ပါတယ်  ညနေ sunset အတွက်ဆိုရင် ရွှေဆံတော် ဘုရားကို အတော်များများ ရွေးချယ်ကြပါတယ်  ဧရာဝတီ မြစ်ကမ်းကို တိုးဝင်သွားမဲ့ နေ၀န်းကြီးအလှကို အမိအရ  နှုတ်ဆက် ခံစားရင်း အမှတ်ရပုံ ရိုက်ကြဖို့ဆိုရင် ဒီဘုရားက အကောင်းဆုံး ရှုခင်းပါ ပုဂံ ညောင်ဦး ဘုရားစုံ ဖူး ဖို့ ခရီးသွား အချို့က စက်ဘီးဖြင့် လည်း လည်ပတ် လေ့လာကြသလို  အချို့ က မြင်းလှည်း၊ ကား များဖြင့် လာရောက်ကြပါတယ်...

      စေတီပုထိုးပုထိုး အများစုကိုလေ့လာတဲ့ အခါ ရှေးခောတ်က လူများရဲ့ တည်ဆောက်မှု နည်းပညာမြင့်မားပုံ ၊ လက်ရာသေသပ်မှု၊ အသုံးပြုတဲ့ ပစ္စည်း ကောင်းမွန်ပုံ တို့ဟာ  လက်ရာမပျက် ကျန်ရှိနေသးတဲ့ ပုထိုးများ  ၊ ကျောက်စာများ၊ နံရံဆေးရေးပန်းချီများကို ကြည့်ပီး ခန့်မှန်းနိုင်ပါတယ်  ကျွန်မတို့ဟာ  အချိန်မပေးနိုင်တာကြောင့်  တစ်ရက်ဆိုတဲ့ အချိန် တွင်းမှာ  နာမည်ကြီး ဘုရားစေတီ များကိုသာ စုံအောင် ဖူးမြော်ခဲ့ကြရပါတယ် ပုဂံဘုရားများကို စုံအောင်ဖူးဖို့ဆိုရင် အချိန် တစ်လောက်ပေးရင်တောင် လုံလောက်မယ် မထင်ပါဘူး  မပြုပြင်နိုင်လို့ ပျက်စီးသွားတဲ့ ဘုရားတွေကိုမြင်တော့ နှမြောမိတယ် ဒီလို အမွေအနှစ်တွေဟာ  အသစ်ထပ်မံ ဖန်တီး နိုင်ခဲ့တောင်  မူလ လက်ရာ၊ အရည်အသွေး မမှီမှာ စိုးရိမ်ရပါတယ်  သူငယ်ချင်းတို့ လည်း ပုဂံ ကို မရောက်ကြသေးဘူးဆိုရင်လည်း  ရောက်အောင် သွားရောက်ကြပါလို့တိုက်တွန်းပါရစေ...






Friday, January 30, 2015

ရွာနှင့်အမှတ်တရများ


 
D နှစ်ဦးပိုင်း ရွာပြန်တော့ ကြုံရာအမျိုးအိမ်တွေ လှည့်ပတ် စားသောက်ခဲ့
 
                           
 
ကလေးမလေးတွေလည်း အလည်လိုက်လာခဲ့ကြပေါ့ (မခေါ်လည်းမရ )




 
  ဆုံဖြစ်တိုင်း ကလေးတွေလိုစနောက် သူတို့ကစိတ်ဆိုးနဲ့ ချစ်စရာ အဖိုးနဲ့ အဖွား (ကန်တော့ရင်း ရိုက်)
 
 
 
ဧည့်သည်တူမကိုခေါင်းရင်းခန်းမှာ နေရာပေးပြီးခြေရင်းကထိုင် စကားတွေဖောင်ဖွဲ့နေတဲ့ဘကြီးနဲ့အဒေါ်
 
 

 တရားပွဲအတွက် ရွာမှ လူကြီးလူငယ် တရားပွဲတွက် တက်ကြွစွာ ပြင်ဆင်နေကြစဉ်
 
 

 
ဘေးအိမ်က ကျီးကျီးတို့ အိမ်မှာလည်း ပဲဆွတ်ရင်း(ပဲဆွတ်ခူး) ပဲပြုတ်ကပ်စားခဲ့သေး

 

 
အနေနီးပီး မတွေ့ရတဲ့ အိမ်ထောင်ကျသွားသော သူငယ်ချင်းမနဲ့ သူ့သမီးလေး
 

 
 အချိန်မရတဲ့ကြားက သခင်မြမွေးရပ်မြေ ထုံးဘိုနားက အကောက်တောင် ဘုရားများ ဖူးမြော်
 
  
 
 
 
 

Friday, January 16, 2015

Anger

တစ်ပါးသူကို ဒေါသမထွက်ဖို့ ပြောရတာ လွယ်သလောက် ကိုယ်တိုင် ဒေါသစိတ်ဖြစ်လာတော့ ထိန်းရခက်ပါတကား  ပုထုစဉ်ပီပီ  စိတ်အလိုမကျတာ တစ်ခု ကြုံရင် သတိထားဖို့ မမေ့ပေမဲ့  စိတ်က အလိုအလျောက်  ဖောင်းလာတော့တာ  လူတစ်ယောက်ကို ဒေါသဖြစ်နေပေမဲ့ အဲလူက သိချင်မှတောင် သိမှာ ကိုယ့်မှာသာ ကိလေသာ မီးတွေ တစ်ကိုယ်တည်းလောင်ကျွမ်းနေတာ  အင်း စိတ်ကို ထိမ်းချုပ်ရတာ သိပ်ခက်ပါလားနော်  လူတွေဟာ ခွင့်လွှတ်ပါဆိုတဲ့ စကားကို လွယ်လွယ်ပြောတတ်ကြပါ၏ ကိုယ်တိုင်တော့ ခွင့်လွှတ်ပေးတတ်ဖို့ မေ့လျော့ နေကြသလား။
 
သင် စိတ်မဆိုးတတ်တဲ့ လူတစ်ယောက်ကို စိတ်ကုန်အောင် မလုပ်မိပါစေနဲ့လား  ဒါဟာ သူ့အတွက် သင့်ရဲ့ နောက်ဆုံး ကျီစယ်ခွင့် ဖြစ်သွားတတ်ပါတယ် တစ်ချို့သူတွေဟာ ခွင့်လွှတ်တတ်ကြပေမဲ့ တိုက်ဆိုင်မှုရှိတိုင်း သတိရနေတတ်ကြတယ်  ဒေါသနဲ့ သတိရတာမျိုး မဖြစ်ဖို့တော့ လိုပါလိမ့်မယ်။
 
သင့်ကို ပေးထားတဲ့ ကတိကို မေ့သလိုလိုနဲ့ချိုးဖောက်တတ်သူတွေနဲ့ သင်တွေ့ဖူးပြီလား   ဒါဆို သင် ကိုယ်တိုင် ကတိတစ်ခုခု အလေးအနက် ထိမ်းသိမ်းကြည့်ဖို့ အကြံပေးပါစေ  အသေးအဖွဲ့လေးတွေကစ  အသေချာ စိစစ်တတ်တဲ့ သင့် ချစ်သူ ၊သူငယ်ချင်းတစ်ယောက်ယောက်ကို သင် ခဏခဏ ကတိမဖျက်ပါနဲ့  အကြိမ်ရေ များလာရင်  ရိုးသွားပီး   သင်ဟာ သူ့အတွက် တန်ဖိုး မရှိသူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

Thursday, January 15, 2015

Welcome To New Days



 
15-01-2015 
 
ဒီနေ့ဟာ ကျွန်မ 29 နှစ် ပြည့်သောနေ့ လူ့ဘ၀မှာနေရဖို့ တစ်နှစ်လျော့သွားပီ ရင့်ကျက်မှုတွေဟာ အသက်နဲ့ တိုက်ရိုက်အချိုးမကျနိုင်သေး လွန်ခဲ့သော နှစ်က ကံကောင်းခဲ့တယ် ဆိုမလား မွေးနေ့မှာ ဆန္ဒတစ်ခုနဲ့ တစ်ထပ်တည်းကျခဲ့တယ်ပေါ့ ခုတလောဖြစ်ချင်တာ၊ လုပ်ချင်တာတွေ သိပ်များနေပြန်တယ် ဒီနှစ်ကိုတော့ ကောင်းမှု မြူမှုံ တစ်ချို့နဲ့ ကန့်လန့်ကာ စဖွင့်မလားလို့...
.
.
.
.
.
 

Saturday, January 10, 2015

သုံးတစ် (၃-၁)

ပြောင်းလဲ သွားတဲ့ ကျောင်းကြီးရဲ့ ပုံကို အမှတ်မထင် တွေ့မိတော့ တစ်ချိန်က ပညာသင်ခဲ့တဲ့ ကျောင်းတော်ဟောင်းကြီးရယ် သူငယ်ချင်းများနဲ့ အမှတ်တရတွေဟာ မဖိတ်ခေါ်ပဲ စိတ်ကူးနယ်ထဲ ၀င်လာတော့တယ် ကျွန်မတို့ GTI တက်ခဲ့တာ ဧရာဝတီမြစ်ပေါ် နဖူးတင်ထားတဲ့ ခရိုင်မြို့လေးတစ်မြို့ပါ စတက်တုန်းက ကျောင်းက မြို့တွင်းမှာပဲရှိသေးတယ် ဒုတိယ နှစ်ရောက်တော့ မြို့ပြင်သွားတက်ရတယ် အဲဒီမြို့တွင်းကျောင်းမှာ စတက်တကည်းကကျွန်မက Civil ကျောင်းသူ ၊အဆောင်တူ သူငယ်ချင်း နှစ်တူ မေဂျာကွဲ သူက EC မေဂျာမတူပေမဲ့ သူနဲ့ကျွန်မမှာ အခြားတူညီတာလေးတွေရှိတော့ ပေါင်းသင်းဖြစ်သွားတယ် ၊ နောက်တစ်ရောက်က တစ်ခန်းတည်း သင်ရတဲ့ မေဂျာတူ သူငယ်ချင်းမ သုံးယောက်တွဲဖြစ်ကြတယ်ပေါ့……
တက္ကသိုလ်နယ်မြေကို ခြေချမိတော့ ပထမ နှစ်မှာ သူငယ်ချင်းသစ်တွေနဲ့ အားလုံးဟာ အသစ်ဆန်းတွေဖြစ်လို့  ကလေးဘ၀ကစလို့ ဆယ်တန်းနှစ်ထိ စာအုပ်မျက်နှာ မကွာရအောင် ဖိအားပေးမှုအောက်မှာ နေလာခဲ့သမျှ ဒီနေရာဟာ သိပ်ကို လွတ်လပ်လွန်းနေခဲ့တော့တယ် ကျွန်မတို့ သုံးယောက်ဟာ အပေါင်းသင်းဆိုလည်း မေဂျာမတူ အသက်မတူတဲ့ စီနီယာတွေနဲ့ ပေါင်းဖြစ်တယ် သတိထားမိတဲ့ သူတစ်ချို့ပေးထားတဲ့ အမည် ကျွန်မတို့ သုံးယောက်ကို  သုံး-တစ် (၃-၁) တဲ့   သိပ်ပေ သိပ်တေတဲ့ ကလေးလေးတွေ  စာမသင်ချင်ဘူးဆို  ဆရာစာသင်နေတဲ့အခန်းရှေ့မှာတင်  စာမသင်ပဲ  သွားထိုင်နေတတ်သေးတယ်  စာမေးပွဲနီးမှ ဆရာ ဆရာတွေက စာကျက်တော့လေ စာမေးပွဲနီးပီလို့ ပြောယူရတယ် …  မှတ်မိသေးတယ်  EC သူငယ်ချင်းမဟာ လေ  အတန်းမတက်ချင်လို့ စာသင်ခန်းမသွားပဲ Drawing ခန်းထဲသွားအိပ်နေခဲ့တာ ကျွန်မတို့ နှစ်ယောက် စာသင်ချိန် ပီးလို့ သူ့ဆီသွားတော့ သူအတန်းမတက်တာသိရတယ် ဒါနဲ့ ကျောင်းထဲမှာလဲ မရှိတော့ အိမ်ပြန်သွားပီထင်လိုက်တာပေါ့  အဆောင်ပြန်ရောက်တော့မှ သူမရှိဘူး ဘယ်ဟုတ်မလဲ သူက ည ခုနှစ်နာရီလောက်မှ ပြန်လာတယ် သူ ပုံဆွဲတဲ့ အခန်းထဲမှာ အိပ်ပျော်နေတာတဲ့ ဟဟ အဲလိုဆိုးခဲ့တာ…
မေဂျာတူ သူငယ်ချင်းမလေးကတော့  သိပ်စိတ်ကောက်တတ်တာ  ငယ်ငယ်က အလိုလိုက်ခံခဲ့ သူပီပီ တစ်ခုခု အလိုမကျရင် ကောက်ပီပဲ ကျွန်မတို့ နှစ်ယောက်က သူမကြိုက်တာလုပ်ပီး သူမ စိတ်ကောက်ပီဆို ချော့ရတာ အမော….ဒါပေမဲ့ သူမဟာ စိတ်ထားကောင်းသူလေးပါ သူငယ်ချင်းတွေအပေါ်လည်း အနစ်နာခံတယ်  အဲဒါကြောင့်လဲ ကျောင်းမှာ သူ့ဆီက ပိုက်ဆံချေးမဲ့သူ ပေါပီး ပြန်မဆပ်ကြဘူးလေ ဒါလည်း သူ့အားနည်းချက်လို့ ဆိုရမလားပဲ သူနဲ့ ပါတ်သက်လို့ ကျွန်မမှာ အမှတ်တရတွေသိပ်များတယ်  ဒုတိယနှစ်ရောက်တော့ သူ့အိမ်ကိုကျွန်မ ပြောင်းနေဖြစ်တယ် ငုဝါပန်းတွေ ဝေဆာအောင်ပွင့်တဲ့ ငုပင်တွေနဲ့ လမ်းတလျှောက်မှာ ကျောင်းဖယ်ရီ စီးဖို့ တူတူ လမ်းလျှောက်သွားကြတယ်  မိုးရာသီဆို ရင် မိုးရွာထဲ စက်ဘီးစီးကြတယ်  မြစ်ရေတွေ တက်လာရင်  ဧရာဝတီမြစ်ကမ်းဘေး လှေစီးကြတယ်  အများကြီးပါပဲ  ….ကျောင်းသားဘ၀ဟာ နောက်တစ်ခါ ပြန်မရနိုင်တဲ့ ပျော်စရာ အချိန်ကာလလေး တစ်ခုဖြစ်ခဲ့တယ်ပေါ့…
ဂုဏ်ယူမိတာ တစ်ခုက ဘယ်လောက်ပဲ ဆိုးပေခဲ့ကြပေမဲ့ ကျွန်မတို့ သုံးယောက်လုံးဟာ ငါးနှစ်ဆိုတဲ့ ကာလထိ ပညာရေနို့သောက်ခဲ့ပီး  ဘွဲ့ကိုယ်စီရခဲ့တာကိုပဲ...  ကျွန်မ ကျေနပ်မိပါတယ်  ကျောင်းတော်မှာ ပျော်ခဲ့တယ်  ဘ၀အတွက် အဖိုးတန်တာတွေ အများကြီး ရခဲ့တယ် ခုဆို ကျွန်မက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတယ်  မေဂျာတူသူငယ်ချင်းမက  မိဘနဲ့ အတူနေပီး  တာဝန်ထမ်းဆောင်နေတယ်   EC က ကျောင်းပီးတော့ စောစွာပဲ သူ့ရဲ့ ကိုယ်ပိုင် မိသားစုဘ၀လေးထဲ တိုးဝင်သွားတယ်   ခုတော့ သူ့ သားလေးတောင်  မူကြိုရောက်နေပီ တွေ့ရင် ပြောတတ်ပါသေးတယ်  သူ့ကို ကျွန်မတို့နှစ်ယောက်က ယောက်က္ခမ ခေါ်ရတော့မတဲ့…  သူပြောလည်း  ခံရမှာပဲ ကျွန်မတို့ နှစ်ယောက်က  သူ့လောက်  သတ္တိမရှိဘူး ဆိုချင်ဆို   ဒီလို  တစ်ကိုယ်ရေ နေရတဲ့ လွတ်လပ်မှုကို  မက်မောစွာ ဖက်တွယ်ထားဆဲ …… တစ်နေရာဆီ ဝေးကွာနေကြလည်း  တိုက်ဆိုင်မှုရှိတိုင်း သတိရနေမှာပါ   သူငယ်ချင်းမတို့ရေ… ဒီသီချင်လေး အတိုင်းပေါ့   “ ဟိုးတုန်းက ကျောင်းလမ်းထိပ်က ငုဝါပန်းတွေပွင့်လာရင် … ”

Tuesday, January 6, 2015

ကျွန်မ စကားမပြောတတ်သေးပါ

 
 
မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ရင် ပြောစရာ စကားတွေဟာ မကုန်နိုင် မခမ်းနိုင်ခဲ့ဘူး တစ်ခါမှ မသိကျွမ်းဘူးတဲ့ သူကို စတင် နှုတ်ဆက်ဖို့ လွယ်ကူသလောက်  သူနဲ့ကိုယ်ကြား ကြာကြာ စကားစပြတ်မသွားစေဖို့ တော်တော်ခက်ခဲ တယ်ဆိုတာ ဒီနေ့ သိလိုက်ရတယ်  အိမ်မှာဆို ပေါက်ပေါက်ဖောက်သလို ပြောနိုင်တဲ့ ကိုယ် သူစိမ်းနဲ့ ကျတော့ တကယ့်လို့ ပြောစရာ မရှိတော့ပါလားနော် ကိုယ်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အတော်လေး လေ့ကျင့် ရဦးမယ်ဆိုတာ အဲခါမှ သိလိုက်တယ်…
ယနေ့ သူငယ်ချင်းကောင်လေးတစ်ယောက်က  သူ့ကောင်မလေးနဲ့ မိတ်ဆက်ပေးဖို့ခေါ်လာတယ်  လမ်းကြုံလို့်  နှုတ်ဆက်ရင် သူကဘယ်သူပါ  နေကောင်းလား ဘာညာနဲ့ ပီးသွားနိုင်ပေမဲ့ သီးသန့် ခေါ်လာ မိတ်ဆက်ပေးမယ်ဆိုတော့ အဲလိုမကောင်းပြန်ဘူးလေ ဒါနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားစမြည်ပြောကြမယ်ပေါ့လေ မိန်းကလေးက  ကိုယ့်အောက် တစ်နှစ်ငယ်ပီး ချောချောလေးပါဘဲ  ဒါတော့ ကိုယ့် သူငယ်ချင်း အရွေးတော်သွားပြန်တယ်လို့ စိတ်ထဲက ချီးမွမ်းလိုက်သေးရဲ့  ကောင်လေးနဲ့တော့ အရင်ကတည်းကသိနေတော့ ပြောစရာတွေရှိနေတာပေါ့  ဒါပေမဲ့ သူနဲ့ချည်းပဲပြောနေလို့ မကောင်းပြန်    သူ့ဝါသနာ ကိုယ်မသိ မှန်းရမ်းပြောလည်း တစ်ခါ နှစ်ခါ မကောင်း  သူစိတ်ဝင်စားမဲ့ အကြောင်းအရာ လည်း မသိ ကိုယ်ပြောချင်တာချည်းလည်း ပြောနေလို့ မဖြစ်ပြန် ဒီကြားထဲ လူကဲခတ်ကလည်း ညံ့နေသေးတယ်  တော်သေးတာပေါ့ သူငယ်ချင်းက  အားလုံးပါဝင်ဆွေးနွေးလို့ ရမဲ့စကားမျိုးရှာ ပြောခဲ့ပေလို့ ...
အော် လူတွေကြားထဲ ကျင်လည်လာတာ သက်တန်းတစ်ဝက်လောက်ရှိတော့မယ် ကျောင်းစာတွေ ဘယ်လောက်တတ်လို့ ဘွဲ့တွေ အစီစီ ရခဲ့ပါစေ လောကီပညာတွေ သင်ယူဖို့ အများကြီး ရှိပါသေးလားလို့ …

Monday, January 5, 2015

မွေးရပ်ရွာသို့ အလွမ်း





 
 
ရွာကို ပြန်ရတော့မယ် ဆိုတဲ့ အသိက ရင်ထဲက ခြောက်သွေ့စ အလွမ်းကို စိုစွတ်လာစေတယ် ရွာကိုလွမ်းတဲ့ ခံစားချက်ကို ရွာကိုရောက်ဖူးတဲ့သူ ၊ ရွာမှာနေဖူးတဲ့ သူတွေ လက်တွေ့သိကြမှာပါ တကယ်တော့ ရွာကို ခုမှပြန်ဖူးတာမဟုတ် မူလတန်းထိ အောင်ပီးလို့ ခွဲခွါလာခဲ့ပီး အလယ်တန်းကနေ ဘွဲ့ရသည်အထိ ပဲဆိုပါတော့ ကိုယ်ရောက်နေတဲ့ နေရာ ဌါန အနီးအဝေးသာ ကွာခြားသွားမယ် အချိန်တန်တော့ ဒီ ရွာလေးကိုပဲ သတိတရ ပြန်လာခဲ့ရတာပဲ တွေးလိုက်တိုင်းငယ်ဘ၀ ရဲ့ ပုံရိပ်တွေက မျက်လုံးထဲမှာ ချက်ချင်းပြေးမြင်မိတယ် အရင်က တူတူကစားခဲ့တဲ့ ငယ်သူငယ်ချင်း တွေကော ခုချိန်ဆို တချို့က ဘွဲ့တွေရ လုပ်ငန်းခွင်တွေဝင်နေကြတယ် တစ်ချို့များလည်း ကိုယ်ပိုင်မိသားစုဘ၀ကို တည်ဆောက်လို့ ပျော်နေကြရဲ့ ခုချိန်ရွာပြန်ရင် သူတို့ အားလုံး ကို အတူ စုံ တွေ့ရဖို့ မလွယ်ကူတော့ တစ်ယောက်တစ်နေရာစီ တာဝန်ကိုယ်စီ နဲ့ ဘ၀အတွက် ရုန်းကန်နေကြတာ တစ်နှစ်တစ်ခေါက်ရွာပြန်ရဖို့ အနိုင်နိုင်ပေမဲ့ သူတို့ ရင်ထဲမှာတော့ တစ်ချိန်က ရွာလေးကိုတော့ ရင်ထဲမှာ လွမ်းနေကြမှာ သေချာပါတယ်...


ကျွန်မ အိမ်ပြန်ရင် အပျော်ဆုံးလူဟာ အဖေပါပဲ အိမ်ကနေ ခွဲရပြန်တော့မယ်ဆို ၀မ်းနည်းဆုံးဟာလဲ သူပဲဖြစ်မှာပါ အဖေဟာ ကျွန်မကို ခွဲခါစကဆို သတိရလွန်းလို့ ညညဆို အိမ်မပျော်ဘူး သမီးအကြောင်းပဲတွေးနေတယ် မိဘနဲ့ ဝေးရာမှာ နေကောင်းရဲ့လား၊ အစားအသောက်အဆင်ပြေလား ကျောင်းတက်ရတာ စာလိုက်နိုင်လား၊ အလုပ်ထဲရောက်တော့လည်း အလုပ်အဆင်ပြေလား ပင်းပင်သလားနဲ့ ဖုန်းဆက်တိုင်းမေးရှာတယ် ကျွန်မ ပြန်ရင် အဖေ မျက်ရည်ကျမှာစိုးလို့ ကားဂိတ်ကိုတောင်လိုက်မပို့ခဲ့ဘူး ကျွန်မ နားလည်ခဲ့ပါတယ် ဘယ်လောက်ပဲ ဘယ်နှစ်ကြိမ်ပဲ ပြန်လာလိုက် ခွဲသွားလိုက် နေပါစေ ဒါဟာ မရင့်ကျက်သေးတဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေပါပဲ…….


ဒီတစ်ခေါက်ရွာပြန်ရမှာ ခါတိုင်းထက်ပို ပျော်မိနေသလိုပဲ ရွာက မိဘ ဆွေမျိုး ၊ သူငယ်ချင်းတွေ ဆုံတွေ့ရမဲ့ အပြင် ရွာအတွက်တစ်ခုခုလုပ်ပေးနိုင်ခဲ့တာကိုလည်း ၀မ်းသာပိတိဖြစ်နေတာအမှန်ပင် ပီးခဲ့တဲ့ ခြောက်လလောက်က ပြန်တော့ ရွာမှာ တရားပွဲ ကျင်းပပေးရင် ကောင်းမလားလို့ ရွာဦးကျောင်းဆရာတော်နဲ့ တိုင်ပင်ပီး နီးစပ်ရာ သူငယ်ချင်းတွေကို အကူညီတောင်းတော့ ကြိုးစားလိုက်တာ တကယ်အကောင်ထည်ဖော်ခွင့်ရတော့မှာမို့ပါ ဒါ့အပြင် ရွာမှာ အစိုးကရ မူလတန်းကျောင်းအသစ်ဆောက်လုပ်ခွင်ချပေးတော့ လိုအပ်နေသေးတဲ့ စာရေးစာပွဲ နဲ့ ထိုင်ခုံအချို့ ပညာဒါန ပြုခွင့်ရခဲ့တယ် ဆရာ၊ဆရာမများနဲ့ ကျောင်းသားလေးတွေကိုလည်း အာဟာရမုန့်ကျွေးပီး စာရေးကိရိယာအချို့ ပေးဝေခဲ့သေးတယ် ရွာဦးဘုန်းကြီးကျောင်းမှာအ၀င်လမ်းအတွက် လျှောက်လမ်း ပေ ၂၀ ခန့်အတွက် လှူဒါန်းခွင့်ရခဲ့ပါတယ် ရွာလေးဟာ တိုးတက်လာတဲ့ အခြေနေဆိုပေမဲ့ ဒီထက်ပို တိုး ဖြစ်စေချင်တာ ရင်ထဲက ဆန္ဒပါပဲလေ…… ကလေးတွေရဲ့ ပညာရေး ၊ စိတ်ဓါတ်ပိုင်း၊ ဗဟုသုတ ရစေချင်တာ ၊ စိတ်ပိုင်းကော ရုပ်ပိုင်းဆိုင်ရာကော တိုးတက်လာစေချင်တာ အားလုံးဟာ ကိုယ်တစ်ယောက်တည်း လုပ်ယူလို့ မရပေမဲ့ ရွာသူရွာသားအားလုံးနဲ့ ကျွန်မတို့ ပူးပေါင်းရင် ဖြစ်ရမယ် လို့ ယုံကြည်မိတယ်…… ဒီတစ်ခါပြန်ရင် ရွာရဲ့လိုအပ်ချက်တွေထဲက ဘယ်လိုနေရာကနေ ထောက်ပံ့ပေးနိုင်ပါ့မလဲဆိုတာ ရှာဖွေရင်း ကျွန်မရဲ့ မွေးရပ်မြေ ဆီသို့ စိတ်ကူးများ ဖြန့်ကျက်လိုက်မိစဉ်ဝယ်......







Friday, January 2, 2015

အိမ်မက်တစ်ခုမှ နိုးထချိန်


နံနက်ခင်းဆို ...

မက်ဆေ့လေးတွေနဲ့ နိုးတတ်ခဲ့ပီ

အရင်က စောင့်ဆိုင်းခြင်းကို မနှစ်မြို့ခဲ့

ခု စိတ်ရှည်တတ်လာပီ...

ဖုန်းအကြာကြီး ပြောရမှာ မကြိုက်ခဲ့သူ

ခုနေ ဖုန်းလိုင်းကျမှာ စိုးရိမ်တတ်ခဲ့ပီ

အချိန်မလောက်တဲ့ ကြားက...

အချိန်ပိုတွေ ရှာတတ်ခဲ့ပီ

ဟုတ်တယ်...

ဝန်ခံခဲ့သင့်တာ

ဆယ်စုနှစ် တစ်ခု နီးပါး လွန်ခဲ့ပေါ့...