ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Saturday, July 21, 2018

ဒဏ္ဏာရီတစ်ခုရဲ့နိဂုံး


     မောင်သာ ကျွန်မကို နေရစ်ခဲ့တော့လို့ ပြောရင် ကျွန်မ တိတ်ဆိတ်စွာ နေရစ်ခဲ့မှာပါ… စာတစ်စောင် ဖုန်းတစ်ချက်မဆက်ပဲ မောင်ဟာ ကျွန်မဘ၀ထဲနေ ထွက်ခွာသွားခဲ့တယ်… မောင့်ကို အမြဲအနိုင်ယူနေပြီးမြည်တွန်တောက်တီးနေတဲ့ ကျွန်မကို မောင် ထာဝရ ဘယ်လက်တွဲချင်ပါ့မလဲနော်… အများအမြင်မှာသာ ကျွန်မ မောင့်ကို အနိုင်ယူနေကြတယ်ထင်တာ… လက်တွေ့မှာ ကျွန်မ မောင့်ကို အချိန်တိုင်းကျရှုံးနေခဲ့တာပါ… မောင်သတိမထားမိခဲ့ဘူးလား မောင်ကို တစ်ခုခု ပူဆာတိုင်း မောင်ဘက်က မလိုက်လျောပေးခဲ့သလို ထို့အတွက် မောင့်ကို စိတ်ကောက်နေခဲ့ချိန်တိုင်းလည်း ကျွန်မအချော့မခံခဲ့ရပါဘူး…မောင်မချော့ရပါပဲ စိတ်ပြေခဲ့ရတာတွေများတော့ ကျွန်မ စိတ်ကောက်တယ်ဆိုတာ အပိုအလုပ်တစ်ခုလိုပါပဲ…

     ကျွန်မ ဘယ်နေရာမှာမှ မောင့်ကို အနိုင်မယူနိုင်ခဲ့ပါဘူး… မောင် တစ်ရက် ဖုန်းမဆက်တဲ့ ရက်တွေမှာ ရင်ထဲမှာ ပူလောင်နေခဲ့ရက်တွေ ၊ အိပ်မပျော်တဲ့ ညတွေမှာ မျက်ရည်တွေသာ ကျွန်မအဖော်ဖြစ်ခဲ့ရတာပါ… နောက်ရက် မောင်နဲ့ စကားပြောဖြစ်တဲ့ အချိန် ကျွန်မ စိတ်ကောက်ချင်ပေမဲ့ ကျွန်မသာ ပိုခံစားရမှာမို့ မကောက်ရက်ခဲ့ပြန်ဘူး… မောင့်ရဲ့ ဂရုစိုက်မှုတွေ ကို သိပ်လိုချင်တဲ့၊ မောင့်အချိန်တွေကို အမြဲပိုင်ဆိုင်ချင်တဲ့ ကျွန်မ သိပ်အတ္တကြီးခဲ့သလား… ကျွန်မနားက သိပ်ပူလောင်လွန်းလို့ မောင် ထွက်ပြေးသွားခဲ့လေသလား… တစ်ခုခုပြောခဲ့ပါတော့လား မောင်…

     ကျွန်မမှာ မေးခွန်းတွေ အများကြီးရှိနေတယ်… မောင့်မှာ ဖြေစရာမရှိဘူးဆိုတာ ကျွန်မသိပါတယ်… အရင်ကတည်းက မောင်ဟာ ပြသနာတွေကို ရှောင်ပြေးနေကျပါပဲလေ… မောင့်မှာ ကျွန်မ မနှစ်သက်တဲ့ စရိုက်တွေ အတော်များများ ရှိပါလျှက် ဘာလို့ ချစ်မိခဲ့ပါလိမ့်… အဲချိန်တုန်းက မောင့်အားနည်းချက်တွေ၊ ပြစ်ချက်တွေကို ဘာလိုမမြင်ခဲ့ပါလိမ့်… ဖြေစရာမလိုတဲ့ မေးခွန်းတွေအတွက် ဝေခွဲမရတဲ့ အတွေးတွေ အများကြီး ပေးခဲ့တယ်နော်… ကျွန်မ ဘယ်လို ယူရဆရပါ့မလဲ… ကျွန်မ ရင်ခွင်မှာ မပျော်ချင်တော့တဲ့ လူတစ်ယောက်ကို ကျွန်မ မဆွဲထားပါဘူး… တစ်ခုတည်းပါ… ကျွန်မကို မုန်းတယ်လို့ ပြောခဲ့သင့်ပါတယ်…

     ကျွန်မ ဘ၀မှာ မျှော်လင့်ချက်တွေ အများကြီး ရှိခဲ့တယ် မောင်… အဲအထဲမှာ မောင်နဲ့အတူ တည်ဆောက်မဲ့ ဘ၀သစ်လေး အကြောင်းလည်းပါတာပေါ့… မောင် ပြောဖူးတယ်လေ ကျွန်မသာ မောင့်ဘ၀ထဲ လာခဲ့ ကြိုဆိုလျှက်ပါဆို… ကျွန်မ စိတ်ညစ်နေတဲ့အချိန်တွေ၊ အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ အချိန်တွေမှာ မောင်နှစ်သိမ့်ခဲ့တာတွေ၊ ပြောခဲ့တာတွေက ပုံပြင်တွေပေါ့ ဟုတ်လား… ကျွန်မ မောင့်ဆီမှာ နေတော့မယ်လို့ ဆုံးဖြတ်ပြီးချိန်ကျတော့ မောင်ဟာ တံခါးပိတ်လို့ပုန်းနေခဲ့တယ်… မောင် အဲလောက် သတ္တိမကြောင်ပါနဲ့လားကွယ်…

     မောင်ဟာ မျက်နှာပြောင်တိုက်တတ်သူမှန်း ကျွန်မသိခဲ့ပါတယ်… တခြားသူတွေနဲ့ ယှဉ်ရင် ကျွန်မအပေါ်တော့ ကောင်းမှာပါလို့ ကျွန်မ တွေးခဲ့တာတွေက ရူးနေခဲ့လို့ပဲပေါ့…

     ကျွန်မ မောင့်ကို သိပ်ယုံကြည်ခဲ့ပါတယ်… မောင်သိပ်ကြိုက်တဲ့ ဆေးလိပ်ကို ဖြတ်မယ်လို့ မောင်ကတိပေးတုန်းကလေ… ကျွန်မမောင့်ကို စစ်မေးခဲ့ဖူးလားကွယ်…တစ်ရက် မမျှော်လင့်ပဲ သိခွင့်ရတာ မောင် ဆေးလိပ်မပြတ်သေးဘူးတဲ့… မောင့်စကားတစ်ခွန်းကို တန်ဖိုးထားလို့ ယုံကြည်စွာ ငြိမ်နေခဲ့သူတစ်ယောက်ကို မောင် လိမ်ရက်တာ အံသြပါတယ်တယ်… မောင့်ကို ကြောင်ချေးလို့ ပြောတဲ့ သူငယ်ချင်းတွေကို အံတုလို့ရအောင် မောင် ဟန်ဆောင်ကြည့်ပါဦးလား… မောင်ဟာ သိပ် အတာပဲနော်…

မောင့်အတွက် ရွေးပေးထားတဲ့ လမ်းကို မောင်မလျှောက်ချင်မှန်း ကျွန်မ မသိခဲ့ပါဘူး… ဒါနဲ့များမောင်ဟာ ကျွန်မ စိတ်ချမ်းသာအောင် လမ်းတစ်ဝက်ထိ ယောင်ဝါးဝါး စမ်းလျှောက်ပြခဲ့သေးသားနော်… မောင်ဟာ မင်းသားလုပ်ဖို့ သိပ်ကောင်းတာပဲ… မောင့်ရဲ့ အိုက်တင်မျိုးသာဆို အကယ်ဒမီတွေ ရမှာ ဒါပေမဲ့ အကဲဖြတ်သူက ကျွန်မ ဖြစ်နေမှပါ… ကျွန်မ မောင့်ကို အထင်ကြီးချင်စိတ်ဝင်ဖို့ ကျွန်မရဲ့ မိန်မဆိုတဲ့ မာနကို ခဏတာ နှိမ့်ချခဲ့ဖူးသေးတယ်… မောင်ဟာ ကျွန်မထက် ပညာအရည်အချင်း မသာနိုင်တာရယ်၊ ၀င်ငွေရပ်တည်မှုချင်း မမျှတာတာရယ်၊ မောင်ရပ်လိုက်ရင် ကျွန်မနဲ့ မတိမ်းမယိမ်အပြင် နိမ့်ယောင်ထင်ရတဲ့ မောင့်ရဲ့အရပ်ရယ်က မောင်ကို သိမ်ငယ်စေမှာ ကျွန်မ စိုးရိမ်ခဲ့တယ်လေ..

ခုတော့ မောင်ဟာ မောင်နဲ့ ယှဉ်ဖို့မလိုတဲ့ မိန်းမတစ်ယောက် ဘေားမှာ သိပ်ပျော်နေလားတော့ သိချင်မိတယ်…မောင်က ကျွန်မကို စိတ်ညစ်အောင်လုပ်ဖို့ ၀ါသနာပါခဲ့သူ၊ ကျွန်မကလည်း မောင့်မာယာတွေကြား နေသားကျလာသူ၊ ခုလို မောင်ကရုတ်တရက် ငိုခန်း ရယ်ခန်းတွေ ရပ်ကြတော့ ကျွန်မအတွက် ပျင်းစရာတော့ ဖြစ်သွားတာအမှန်ပါပဲ…

တစ်ခါတလေများ မောင့်အကြောင်းလေးတွေးပြီး ဆွေးကြည့်ချင်တာပေါ့ကွယ်… ကျွန်မ အလုပ်တွေနဲ့ သူငယ်ချင်းတွေကြောင့် မောင့်ကိုလွမ်းဖို့ မေ့ မေ့လာတာ အပြစ်လားဟင်… 

သတိမရမိလို့  ၀မ်းနည်းမသွားပါနဲ့ မောင်ရယ်… သေသောသူတောင် ကြာရင်မေ့တတ်သေးတာပဲ… နောက်ထပ် အသုံးမ၀င်တော့တဲ့ ရင်ခုန်သံတစ်ခုကို သိမ်းထားဖို့ ကျွန်မထံမှာ နှလုံးသားက အပို ပါမလာခဲ့ဘူး…

ကျွန်မရဲ့ ဘ၀ ရှေ့ဆက်လျှောက်ဖို့ ကလည်း ရှိသေးတာမို့ ကျွန်မ အားတင်းထားရဦးမယ်လေ… မောင့်ကို အရမ်းချစ်ခဲ့ပါတယ်ကွယ်… ၀မ်းနည်းစွာ သိလိုက်ရတာက ကျွန်မအချိန်တွေအားလုံး မောင့်ကို လွမ်းဖို့ မသုံးနိုင်ပြန်ဘူး… စိတ်မကောင်းမဖြစ်ပါနဲ့မောင်…

တစ်ခါတစ်လေ ပျင်းမိရင် မောင့်အကြောင်းလေး တစ်စေ့တစ်စောင်းပါတဲ့ ပုံပြင်တစ်ပုဒ်တစ်လေတော့ ရေးမယ်နော်… မောင်အားရင်လည်း လာဖတ်လှည့်ပေါ့…

Monday, July 16, 2018

ချစ်၍မုန်းခဲ့သည်


ဝေးနေတဲ့ မောင့်ကို ချစ်တယ်လို့ ဝန်ခံပြီးနောက် ကျွန်မဆီ နေ့စဉ် သတိတရ စာတွေပို့မယ် ဖုန်းဆက်မှာပဲလို့ မျှော်လင့်ခဲ့ဖူးတယ်...
တကယ်မှာတော့ မောင်ဟာ သူ့အလုပ်တွေရှုပ်နေတာမဲ့ အားမှသာ ကျွန်မကို ဖုန်းထဆက်တတ်သူပါ...
တချိန် မောင်နဲ့အတူ လမ်းလျှောက်ရင် မောင်ဟာ ကျွန်မရဲ့လက်ကို မြဲမြံစွာဆွဲကိုင်လို့  အတူလျှောက်မှာပဲလို စိတ်ကူးယဉ်ခဲ့ဖူးတယ်...
တကယ်တော့ မောင်ဟာ လမ်းလျှောက်ရင်ကျွန်ကို တွဲဖို့နေသာ နောက်ဘက်မှာ ကျွန်မ ဘယ်အကွာအဝေးမှာ ကျန်ခဲ့တယ်ဆိုတာတောင် သတိထားမိပုံမပေါ်ပါဘူး...
ကျွန်မမွေးနေ့လေး ရောက်ရင် မောင့်ဆီက အဖိုးတန်မဟုတ်တောင် အမှတ်တရလက်ဆောင်လေး တစ်ခုခု ရရင် ကောင်းမှာပဲလို့ ရိုမန့်ဆန်ဆန် ဖြစ်ချင်ခဲ့ဖူးတယ်...
မောင်ဟာ ကျွန်မအကြိုက်တွေ သိဖို့ ဘယ်တော့မှ မကြိုးစားခဲ့တဲ့အပြင် ပူဆာရင်တောင် တဘက်လမ်းက အကြောင်းပြချက်ကောင်းကောင်းနဲ့ ငြင်းဆန်တတ်သူပါ...
မောင်နဲ့ ကျွန်မ စေ့စပ်ကြတဲ့အခါ ဝတ်စုံလေးတွေ ရွေးကြမယ် Pre-wedding ပုံလေးတွေရိုက်ကြမယ် လို့ တိုင်ပင်ခဲ့ဖူးတယ်...
မောင်ဟာ ဒါတွေ စိတ်ဝင်စားစွာ နားထောင်ရမဲ့အစား ကျွန်မပြောတိုင်းခေါင်းရှုပ်နေခဲ့သလိုပဲ...
မောင်နဲ့လက်ထပ်ပြီးရင် ဘယ်မှာနေကြမယ် ဘာစီးပွားရေး လုပ်ကြမယ်လို့ တူတူ ဆွေးနွေးခဲ့စဉ်က မောင်အသံဟာ တက်ကြွမှုမရှိ စဉ်းစားရခက်နေပုံ ဖြစ်နေခဲ့သလား...
မောင့်ရဲ့ အေးတိအေးစက် ပုံစံနဲ့ ကျွန်မနဲ့ တစ်သက်လုံး ဖြစ်ပါ့မလားလို့ စိုးရိမ်နေကြတဲ့ သူငယ်ချင်းတွေအကြောင်း မောင့်ကို မပြောပြဖြစ်ခဲ့ပေမဲ့ ဒါဟာ မောင့်ရဲ့ပင်ကိုယ်စတိုင်ပါလို့ ကျွန်မဘာသာနားလည် ပေးနေခဲ့တယ်...
ပျော်အောင်နေပါလို့ ပြောနေတဲ့ မောင်ဟာ သူကိုယ်တိုင်ပဲ ကျွန်မ မျက်ရည်ကျအောင် လုပ်နေခဲ့တာ အခါခါ... ချစ်တဲ့စိတ်နဲ့ ကြည့်တဲ့ ကျွန်မ မျက်လုံးထဲမှာ မောင်ဟာ လုံးဝ အပြစ်ကင်းစင်ခဲ့သူပါ...
လေးနှစ်ဆိုတဲ့ ကာလအတွင်းမှာ ကျွန်မ မောင့်ကို သိပ်နားလည်နေပြီလို့ ထင်နေခဲ့တာ ...
ကျွန်မမသိတဲ့ မောင့်ရဲ့ စိတ်ဓါတ် အစစ်မှန်ကို မောင်ထုတ်မပြခဲ့ချိန်ထိပေါ့...
မောင်ဟာ လှပတဲ့ မင်းသားခေါင်းပေါင်း အောက်က အစွယ်တွေ ဖွက်ထားတဲ့ ဘီလူးတစ်ကောင်ရယ်ပါလား...
မောင့်ရဲ့ မုသားတွေဟာ နားဝင်ချိုခဲ့တယ်...
မောင့်ရဲ့လိမ်ညာမှုတွေမှာ ပျော်ရွှင်ခဲ့တယ်...
ကျွန်မ မောင့်ကို  အရမ်းချစ်ခဲ့သလို...
အရမ်း နာကျည်းရပါတယ်... 
ကျွန်မရဲ့ အမှားကြီးကတော့ မောင့်ကို ချစ်ခဲ့တာက စတာပဲ...
အမှန်တရား တစ်ခုကတော့ ကျွန်မရဲ့ နာကျင်နေတဲ့ နှလုံးသား မောင့်ကို မမေ့နိုင်သေးတာပါပဲ...










Sunday, June 24, 2018

မျက်ရည်များဖြင့်ရေးသောစာ








13 May 2018


တစ်လဆိုတဲ့ အချိန်ဟာ ကိုနဲ့ပတ်သက်တဲ့ ဒဏ်ရာတွေ ကျက်ဖို့လုံလောက်တဲ့ အချိန် မဟုတ်ခဲ့ဘူး...ကို့အကြောင်းကို မေ့ဖို့ ကြိုးစားပေမဲ့ တခါတလေ သတိရမိတိုင်းတော့ ရင်ဘတ်ထဲက နာကျင်နေတုန်းပဲ... ဒါ တကယ်ပဲလား ဆိုတာ ယုံကြည်ဖို့ လက်ခံဖို့ ကျွန်မ အတော် ကြိုးစားယူရဦးမယ်...

ကျွန်မ ဘဝနဲ့ရင်းပြီး သိပ်ချစ်ခဲ့တဲ့ ကိုဟာ ဒီလောက်ရက်စက်လိမ့်မယ်လို့ မထင်ခဲ့ဘူး ... ကျွန်မသူငယ်ချင်းတွေကတော့ ကို့ကို အဆိုးဆုံးစကားလုံးတွေနဲ့ ကဲ့ရဲ့ ပုတ်ခတ်ခဲ့ကြတာပေါ့... ကျွန်မတော့ အဲလို မထင်ရက်ပါဘူး ကို နဲ့ကျွန်မအကြောင်း သူတို့က ကျွန်မတို့လောက် မသိနိုင်ပါဘူးနော...ပြီးတော့ ကို့အပေါ် ကျွန်မ စိတ်နဲ့ နာကျင်အောင် လုပ်မိခဲ့တာတွေ ရှိခဲ့လို့သာ ကို ဒီလောက် လုပ်ရက်ခဲ့တာနေမှာ...ကိုစိတ်ညစ်အောင် လုပ်မိခဲ့တာတွေအတွက် ကျွန်မ တောင်းပန်ခွင့်မရှိခဲ့ဘူး... 

တွေဝေတယ် သတ္တိမရှိဘူးလို့ စွပ်စွဲခဲ့တဲ့ ကျွန်မဟာ ကို တကယ်ပြတ်သားပြခဲ့တော့ ဘာတတ်နိုင်တော့မှာလဲ... ရွေးချယ်ခွင့်လေးတောင် မရှိတော့တဲ့ အခြေအနေတစ်ခုမှာ ရှေ့ဆက်  ကျွန်မဘယ်လိုဆက်ရပ်တည်မလဲ ကို မသိချင်ဘူးလား... ကို ပျော်နေမယ်ဆိုရင် ကျွန်မ အဝေးကပဲ နှုတ်ဆိတ်နေမှာပါ...ကျွန်မ မေးချင်ခဲ့တဲ့ မေးခွန်းတွေကို   ကိုဟာ  လက်တွေ့ ဖြေပြခဲ့ပြီးပြီပဲ... ကို ဟာ သိပ်အတ္တကြီးသူပါလားဆိုတာ အချိန်နှောင်းမှ သိခဲ့ရတယ်...

ကိုဟာ  သိပ်ဟန်ဆောင်ကောင်းခဲ့တယ် နှစ်အတော်ကြာအောင် ကို့ အချိန်တွေရင်းနှီးပြီး ကျွန်မကို ထိခိုက်စေချင်ခဲ့တာ ကို့ အချိန်တွေ နှမြောစရာကောင်းလွန်းပါတယ်... ကို့ရဲ့ မုသားတွေ ပုံပြင်တွေထဲမှာ ကျွန်မ နစ်မြောနေခဲ့တယ်... ကျွန်မ တုံးအ လွန်းတယ်လို့ ပြောခဲ့တဲ့ ကိုဟာ တကယ်တော့ ဉာဏ်သိပ်ကောင်းခဲ့ပါတယ်...  မရိပ်မိခဲ့တာ ကျွန်မ  ညံ့လို့ပေါ့...

ကျွန်မ သစ္စာဖောက်ခဲ့ရင် သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ကို က အရင် သစ္စာဖောက်ပြခဲ့တော့ ကျွန်မ ဘယ်သူ့ကို သွားသတ်ပြရမလဲ... ကျွန်မကို မျက်နှာချင်းဆိုင် မေးပါဦးလားကွယ်... ကို့ အတွက် ကျွန်မရည်ရွယ်ချက်တွေ စွန့်ပြီး လာခဲ့သူကို ဒီလိုပုံစံနဲ့ ကို ကြိုဆိုရသလား... အဲလိုတွေ လုပ်ခွင့်ရလို့ ကို အရမ်းပျော်သလား ... ကိုဟာ  သိပ်ကြောက်စရာကောင်းတဲ့ လက်စားချေတတ်သူရယ်ပါ... ဒါပေမဲ ကို့ ကို မမုန်းခဲ့ပါဘူး... ကို ကျွန်မအတွက် ဘယ်တော့မှ နောင်မရစေရဘူး...ကို့ ဆုံးဖြတ်ချက်တွေ မှန်ကန်ကြောင်း ကို နေပြပါ...

အဲဒီနေ့က ကျွန်မ ဘဝတစ်ခုလုံး ဗြောင်းဆန်အောင် လှုပ်ခါ သွားခဲ့လိမ့်မယ်ဆို အဲဒီဓါတ်ပုံကို ကျွန်မ ကြည့်မိခဲ့မယ် မဟုတ်ဘူး... သတင်း အစအနလေးတောင်း မပေးဘဲ နှစ်ပတ်ကြာမှ သိခွင့်ရတဲ့ ကို့ရဲ့ ဘဝသစ်အကြောင်းကို ကျွန်မ လက်မခံချင်ခဲ့ဘူး...
ကို့ မှာ ရည်ရွယ်ထားသူ ရှိပါလျက်  ကျွန်မ အိမ်မက်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးဖို့ ကို ဘယ်လောက် ဦးနှောက်ခြောက်ခဲ့ရမလဲ... ကို သိပ်ပင်ပန်းခဲ့မှာပဲ... ကို့ကို သနားလိုက်တာ ... နှလုံးသားတစ်ခုလုံး စတေးပြီး အညှိုးကြီးတဲ့ ကို ဟာ ခု သိပ်ကျေနပ်နေတယ်မလား ...ကို ရက်စက်စိမ်းကားရလောက်အောင် ကျွန်မ ဘာအပြစ်တွေများ ကျူးလွန်မိခဲ့လေသလဲ... 

ကို အောင်မြင်ပါတယ်... ကို့ အကြောင်းတွေး ဓါတ်ပုံကို ကြည့်ပြီး ကျွန်မ မျက်ရည်ကျတယ်  ရင်ထဲက နာတယ် နားကြည်းတယ်  ရည်ရွယ်ချက်တွေ ပရမ်းပတာ ဖြစ်စေတယ် အဲဒီနေ့က ကို မကြိုက်တဲ့ သူတွေနဲ့ သောက်တယ်  မူးတယ်  လမ်းတွေပေါ် လျှောက်သွားတယ်...ရင်ထဲမှာ ပူလောင်နေတယ် ...  ကို ကျေနပ်လား ...ဒါ ကို ဖြစ်စေချင်တဲ့ ကျွန်မပုံစံမဟုတ်လား ...

ကို ဘာလုပ်လုပ်  ခွင့်လွှတ်တယ် ... မေ့မရတာက ကို ပြန်လာမလားလို့ မျှော်လင့်နေလို့ မဟုတ်ဘူး... ကို့ ဘဝကို ထိခိုက်မဲ့အရာ ကျွန်မ ဘယ်တော့မှမလုပ်ပါဘူး... တစ်သက်စာရည်ရွယ်ထားခဲ့လို့သာ  လွမ်းတာမဟုတ်တဲ့ စိတ်မျိုးနဲ့ သတိရမိယုံလေးပါ... တွေးမိတိုင်း ကျမိတဲ့ မျက်ရည်တွေဟာ ကို့ကို ပြောချင်တဲ့စကားတွေပေါ့... ကျွန်မပိုင်တာ ဒါပဲရှိတယ်လေ...

ကျွန်မ ကို့ ကို သိပ်ချစ်ခဲ့တဲ့ အကြောင်း  ထပ်မပြောတော့ဘူးလေ ...
ကို ကျွန်မကို မေ့ပစ်ပါ... ဘဝသစ်မှာ ပျော်ပါ...
ရိုးသားစစ်မှန်တဲ့ သတိရခွင့်ကိုတော့ လက်ဆောင် ပေးခဲ့ပါ... ကျွန်မ မျက်ရည်တွေနဲ့ အဖော်ပြုပါရစေ...

..........

Saturday, May 26, 2018

နှလုံးသား အသုဘ


ရိုးရိုးသတ်လည်း သေပါတယ်
တစ်ချက်မှမထိပဲ တစ်သက်စာနာအောင်
ချက်ကောင်းကိုမှ နင် ရွေးခဲ့တယ်...

အချစ်ဆိုတာ
တစ်သက်စာ တစ်ဘဝလုံးအတွက် မဟုတ်ရင်
လုံးဝမသုံးသင့်ခဲ့ပါဘူး...

ယုံကြည်မှု လွန်ကဲလွန်းတော့
တစ်သက်စာ ညာသမျှ
ငါ သံသယကင်းခဲ့တယ်...

အရာရာကို တွေဝေလွန်းတဲ့ နင်
ခုတော့များ လက်တွေ့ဆန်လိုက်တာ
ငါလိုက်မမှီတော့ဘူး...

အသုဘတစ်ခု
ငါ့ရင်ဘတ်ထဲမှာ နင်ဆိုတာသေဆုံးသွားတာ
ငိုသံတွေ မဆဲသေးဘူး...

သတိမယ်ကြံတိုင်း
ငါ့မှာ နာမည်တပ် လွမ်းခွင့်မရှိတော့...


...Yae...

26-05-2018