မောင်သာ ကျွန်မကို နေရစ်ခဲ့တော့လို့ ပြောရင်
ကျွန်မ တိတ်ဆိတ်စွာ နေရစ်ခဲ့မှာပါ… စာတစ်စောင် ဖုန်းတစ်ချက်မဆက်ပဲ မောင်ဟာ ကျွန်မဘ၀ထဲနေ
ထွက်ခွာသွားခဲ့တယ်… မောင့်ကို အမြဲအနိုင်ယူနေပြီးမြည်တွန်တောက်တီးနေတဲ့ ကျွန်မကို မောင်
ထာဝရ ဘယ်လက်တွဲချင်ပါ့မလဲနော်… အများအမြင်မှာသာ ကျွန်မ မောင့်ကို အနိုင်ယူနေကြတယ်ထင်တာ…
လက်တွေ့မှာ ကျွန်မ မောင့်ကို အချိန်တိုင်းကျရှုံးနေခဲ့တာပါ… မောင်သတိမထားမိခဲ့ဘူးလား
မောင်ကို တစ်ခုခု ပူဆာတိုင်း မောင်ဘက်က မလိုက်လျောပေးခဲ့သလို ထို့အတွက် မောင့်ကို စိတ်ကောက်နေခဲ့ချိန်တိုင်းလည်း
ကျွန်မအချော့မခံခဲ့ရပါဘူး…မောင်မချော့ရပါပဲ စိတ်ပြေခဲ့ရတာတွေများတော့ ကျွန်မ စိတ်ကောက်တယ်ဆိုတာ
အပိုအလုပ်တစ်ခုလိုပါပဲ…
ကျွန်မ ဘယ်နေရာမှာမှ မောင့်ကို အနိုင်မယူနိုင်ခဲ့ပါဘူး…
မောင် တစ်ရက် ဖုန်းမဆက်တဲ့ ရက်တွေမှာ ရင်ထဲမှာ ပူလောင်နေခဲ့ရက်တွေ ၊ အိပ်မပျော်တဲ့
ညတွေမှာ မျက်ရည်တွေသာ ကျွန်မအဖော်ဖြစ်ခဲ့ရတာပါ… နောက်ရက် မောင်နဲ့ စကားပြောဖြစ်တဲ့
အချိန် ကျွန်မ စိတ်ကောက်ချင်ပေမဲ့ ကျွန်မသာ ပိုခံစားရမှာမို့ မကောက်ရက်ခဲ့ပြန်ဘူး…
မောင့်ရဲ့ ဂရုစိုက်မှုတွေ ကို သိပ်လိုချင်တဲ့၊ မောင့်အချိန်တွေကို အမြဲပိုင်ဆိုင်ချင်တဲ့
ကျွန်မ သိပ်အတ္တကြီးခဲ့သလား… ကျွန်မနားက သိပ်ပူလောင်လွန်းလို့ မောင် ထွက်ပြေးသွားခဲ့လေသလား…
တစ်ခုခုပြောခဲ့ပါတော့လား မောင်…
ကျွန်မမှာ မေးခွန်းတွေ အများကြီးရှိနေတယ်… မောင့်မှာ
ဖြေစရာမရှိဘူးဆိုတာ ကျွန်မသိပါတယ်… အရင်ကတည်းက မောင်ဟာ ပြသနာတွေကို ရှောင်ပြေးနေကျပါပဲလေ…
မောင့်မှာ ကျွန်မ မနှစ်သက်တဲ့ စရိုက်တွေ အတော်များများ ရှိပါလျှက် ဘာလို့ ချစ်မိခဲ့ပါလိမ့်…
အဲချိန်တုန်းက မောင့်အားနည်းချက်တွေ၊ ပြစ်ချက်တွေကို ဘာလိုမမြင်ခဲ့ပါလိမ့်… ဖြေစရာမလိုတဲ့
မေးခွန်းတွေအတွက် ဝေခွဲမရတဲ့ အတွေးတွေ အများကြီး ပေးခဲ့တယ်နော်… ကျွန်မ ဘယ်လို ယူရဆရပါ့မလဲ…
ကျွန်မ ရင်ခွင်မှာ မပျော်ချင်တော့တဲ့ လူတစ်ယောက်ကို ကျွန်မ မဆွဲထားပါဘူး… တစ်ခုတည်းပါ…
ကျွန်မကို မုန်းတယ်လို့ ပြောခဲ့သင့်ပါတယ်…
ကျွန်မ ဘ၀မှာ မျှော်လင့်ချက်တွေ အများကြီး ရှိခဲ့တယ်
မောင်… အဲအထဲမှာ မောင်နဲ့အတူ တည်ဆောက်မဲ့ ဘ၀သစ်လေး အကြောင်းလည်းပါတာပေါ့… မောင် ပြောဖူးတယ်လေ
ကျွန်မသာ မောင့်ဘ၀ထဲ လာခဲ့ ကြိုဆိုလျှက်ပါဆို… ကျွန်မ စိတ်ညစ်နေတဲ့အချိန်တွေ၊ အလုပ်ခွင်မှာ
မပျော်ပိုက်တဲ့ အချိန်တွေမှာ မောင်နှစ်သိမ့်ခဲ့တာတွေ၊ ပြောခဲ့တာတွေက ပုံပြင်တွေပေါ့
ဟုတ်လား… ကျွန်မ မောင့်ဆီမှာ နေတော့မယ်လို့ ဆုံးဖြတ်ပြီးချိန်ကျတော့ မောင်ဟာ တံခါးပိတ်လို့ပုန်းနေခဲ့တယ်…
မောင် အဲလောက် သတ္တိမကြောင်ပါနဲ့လားကွယ်…
မောင်ဟာ မျက်နှာပြောင်တိုက်တတ်သူမှန်း ကျွန်မသိခဲ့ပါတယ်…
တခြားသူတွေနဲ့ ယှဉ်ရင် ကျွန်မအပေါ်တော့ ကောင်းမှာပါလို့ ကျွန်မ တွေးခဲ့တာတွေက ရူးနေခဲ့လို့ပဲပေါ့…
ကျွန်မ မောင့်ကို သိပ်ယုံကြည်ခဲ့ပါတယ်… မောင်သိပ်ကြိုက်တဲ့
ဆေးလိပ်ကို ဖြတ်မယ်လို့ မောင်ကတိပေးတုန်းကလေ… ကျွန်မမောင့်ကို စစ်မေးခဲ့ဖူးလားကွယ်…တစ်ရက်
မမျှော်လင့်ပဲ သိခွင့်ရတာ မောင် ဆေးလိပ်မပြတ်သေးဘူးတဲ့… မောင့်စကားတစ်ခွန်းကို တန်ဖိုးထားလို့
ယုံကြည်စွာ ငြိမ်နေခဲ့သူတစ်ယောက်ကို မောင် လိမ်ရက်တာ အံသြပါတယ်တယ်… မောင့်ကို ကြောင်ချေးလို့
ပြောတဲ့ သူငယ်ချင်းတွေကို အံတုလို့ရအောင် မောင် ဟန်ဆောင်ကြည့်ပါဦးလား… မောင်ဟာ သိပ်
အတာပဲနော်…
မောင့်အတွက် ရွေးပေးထားတဲ့
လမ်းကို မောင်မလျှောက်ချင်မှန်း ကျွန်မ မသိခဲ့ပါဘူး… ဒါနဲ့များမောင်ဟာ ကျွန်မ စိတ်ချမ်းသာအောင်
လမ်းတစ်ဝက်ထိ ယောင်ဝါးဝါး စမ်းလျှောက်ပြခဲ့သေးသားနော်… မောင်ဟာ မင်းသားလုပ်ဖို့ သိပ်ကောင်းတာပဲ…
မောင့်ရဲ့ အိုက်တင်မျိုးသာဆို အကယ်ဒမီတွေ ရမှာ ဒါပေမဲ့ အကဲဖြတ်သူက ကျွန်မ ဖြစ်နေမှပါ…
ကျွန်မ မောင့်ကို အထင်ကြီးချင်စိတ်ဝင်ဖို့ ကျွန်မရဲ့ မိန်မဆိုတဲ့ မာနကို ခဏတာ နှိမ့်ချခဲ့ဖူးသေးတယ်…
မောင်ဟာ ကျွန်မထက် ပညာအရည်အချင်း မသာနိုင်တာရယ်၊ ၀င်ငွေရပ်တည်မှုချင်း မမျှတာတာရယ်၊
မောင်ရပ်လိုက်ရင် ကျွန်မနဲ့ မတိမ်းမယိမ်အပြင် နိမ့်ယောင်ထင်ရတဲ့ မောင့်ရဲ့အရပ်ရယ်က
မောင်ကို သိမ်ငယ်စေမှာ ကျွန်မ စိုးရိမ်ခဲ့တယ်လေ..
ခုတော့ မောင်ဟာ မောင်နဲ့
ယှဉ်ဖို့မလိုတဲ့ မိန်းမတစ်ယောက် ဘေားမှာ သိပ်ပျော်နေလားတော့ သိချင်မိတယ်…မောင်က ကျွန်မကို
စိတ်ညစ်အောင်လုပ်ဖို့ ၀ါသနာပါခဲ့သူ၊ ကျွန်မကလည်း မောင့်မာယာတွေကြား နေသားကျလာသူ၊ ခုလို
မောင်ကရုတ်တရက် ငိုခန်း ရယ်ခန်းတွေ ရပ်ကြတော့ ကျွန်မအတွက် ပျင်းစရာတော့ ဖြစ်သွားတာအမှန်ပါပဲ…
တစ်ခါတလေများ မောင့်အကြောင်းလေးတွေးပြီး
ဆွေးကြည့်ချင်တာပေါ့ကွယ်… ကျွန်မ အလုပ်တွေနဲ့ သူငယ်ချင်းတွေကြောင့် မောင့်ကိုလွမ်းဖို့
မေ့ မေ့လာတာ အပြစ်လားဟင်…
သတိမရမိလို့ ၀မ်းနည်းမသွားပါနဲ့ မောင်ရယ်… သေသောသူတောင် ကြာရင်မေ့တတ်သေးတာပဲ…
နောက်ထပ် အသုံးမ၀င်တော့တဲ့ ရင်ခုန်သံတစ်ခုကို သိမ်းထားဖို့ ကျွန်မထံမှာ နှလုံးသားက
အပို ပါမလာခဲ့ဘူး…
ကျွန်မရဲ့ ဘ၀ ရှေ့ဆက်လျှောက်ဖို့
ကလည်း ရှိသေးတာမို့ ကျွန်မ အားတင်းထားရဦးမယ်လေ… မောင့်ကို အရမ်းချစ်ခဲ့ပါတယ်ကွယ်…
ဝမ်းနည်းစွာ သိလိုက်ရတာက ကျွန်မအချိန်တွေအားလုံး မောင့်ကို လွမ်းဖို့ မသုံးနိုင်ပြန်ဘူး…
စိတ်မကောင်းမဖြစ်ပါနဲ့မောင်…
တစ်ခါတစ်လေ ပျင်းမိရင်
မောင့်အကြောင်းလေး တစ်စေ့တစ်စောင်းပါတဲ့ ပုံပြင်တစ်ပုဒ်တစ်လေတော့ ရေးမယ်နော်… မောင်အားရင်လည်း
လာဖတ်လှည့်ပေါ့…
No comments:
Post a Comment