ဝေးနေတဲ့ မောင့်ကို ချစ်တယ်လို့ ဝန်ခံပြီးနောက် ကျွန်မဆီ နေ့စဉ် သတိတရ စာတွေပို့မယ် ဖုန်းဆက်မှာပဲလို့ မျှော်လင့်ခဲ့ဖူးတယ်...
တကယ်မှာတော့ မောင်ဟာ သူ့အလုပ်တွေရှုပ်နေတာမဲ့ အားမှသာ ကျွန်မကို ဖုန်းထဆက်တတ်သူပါ...
တချိန် မောင်နဲ့အတူ လမ်းလျှောက်ရင် မောင်ဟာ ကျွန်မရဲ့လက်ကို မြဲမြံစွာဆွဲကိုင်လို့ အတူလျှောက်မှာပဲလို့  စိတ်ကူးယဉ်ခဲ့ဖူးတယ်...
တကယ်တော့ မောင်ဟာ လမ်းလျှောက်ရင်ကျွန်ကို တွဲဖို့နေသာ နောက်ဘက်မှာ ကျွန်မ ဘယ်အကွာအဝေးမှာ ကျန်ခဲ့တယ်ဆိုတာတောင် သတိထားမိပုံမပေါ်ပါဘူး...
ကျွန်မမွေးနေ့လေး ရောက်ရင် မောင့်ဆီက အဖိုးတန်မဟုတ်တောင် အမှတ်တရလက်ဆောင်လေး တစ်ခုခု ရရင် ကောင်းမှာပဲလို့ ရိုမန့်ဆန်ဆန် ဖြစ်ချင်ခဲ့ဖူးတယ်...
မောင်ဟာ ကျွန်မအကြိုက်တွေ သိဖို့ ဘယ်တော့မှ မကြိုးစားခဲ့တဲ့အပြင် ပူဆာရင်တောင် တဘက်လမ်းက အကြောင်းပြချက်ကောင်းကောင်းနဲ့ ငြင်းဆန်တတ်သူပါ...
မောင်နဲ့ ကျွန်မ စေ့စပ်ကြတဲ့အခါ ဝတ်စုံလေးတွေ ရွေးကြမယ် Pre-wedding ပုံလေးတွေရိုက်ကြမယ် လို့ တိုင်ပင်ခဲ့ဖူးတယ်...
မောင်ဟာ ဒါတွေ စိတ်ဝင်စားစွာ နားထောင်ရမဲ့အစား ကျွန်မပြောတိုင်းခေါင်းရှုပ်နေခဲ့သလိုပဲ...
မောင်နဲ့လက်ထပ်ပြီးရင် ဘယ်မှာနေကြမယ် ဘာစီးပွားရေး လုပ်ကြမယ်လို့ တူတူ ဆွေးနွေးခဲ့စဉ်က မောင်အသံဟာ တက်ကြွမှုမရှိ စဉ်းစားရခက်နေပုံ ဖြစ်နေခဲ့သလား...
မောင့်ရဲ့ အေးတိအေးစက် ပုံစံနဲ့ ကျွန်မနဲ့ တစ်သက်လုံး ဖြစ်ပါ့မလားလို့ စိုးရိမ်နေကြတဲ့ သူငယ်ချင်းတွေအကြောင်း မောင့်ကို မပြောပြဖြစ်ခဲ့ပေမဲ့ ဒါဟာ မောင့်ရဲ့ပင်ကိုယ်စတိုင်ပါလို့ ကျွန်မဘာသာနားလည် ပေးနေခဲ့တယ်...
ပျော်အောင်နေပါလို့ ပြောနေတဲ့ မောင်ဟာ သူကိုယ်တိုင်ပဲ ကျွန်မ မျက်ရည်ကျအောင် လုပ်နေခဲ့တာ အခါခါ... ချစ်တဲ့စိတ်နဲ့ ကြည့်တဲ့ ကျွန်မ မျက်လုံးထဲမှာ မောင်ဟာ လုံးဝ အပြစ်ကင်းစင်ခဲ့သူပါ...
လေးနှစ်ဆိုတဲ့ ကာလအတွင်းမှာ ကျွန်မ မောင့်ကို သိပ်နားလည်နေပြီလို့ ထင်နေခဲ့တာ ...
ကျွန်မမသိတဲ့ မောင့်ရဲ့ စိတ်ဓါတ် အစစ်မှန်ကို မောင်ထုတ်မပြခဲ့ချိန်ထိပေါ့...
မောင်ဟာ လှပတဲ့ မင်းသားခေါင်းပေါင်း အောက်က အစွယ်တွေ ဖွက်ထားတဲ့ ဘီလူးတစ်ကောင်ရယ်ပါလား...
မောင့်ရဲ့ မုသားတွေဟာ နားဝင်ချိုခဲ့တယ်...
မောင့်ရဲ့လိမ်ညာမှုတွေမှာ ပျော်ရွှင်ခဲ့တယ်...
ကျွန်မ မောင့်ကို အရမ်းချစ်ခဲ့သလို...
အရမ်း နာကျည်းရပါတယ်...
ကျွန်မရဲ့ အမှားကြီးကတော့ မောင့်ကို ချစ်ခဲ့တာက စတာပဲ...
အမှန်တရား တစ်ခုကတော့ ကျွန်မရဲ့ နာကျင်နေတဲ့ နှလုံးသား မောင့်ကို မမေ့နိုင်သေးတာပါပဲ...
No comments:
Post a Comment