ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Sunday, June 24, 2018

မျက်ရည်များဖြင့်ရေးသောစာ








13 May 2018


တစ်လဆိုတဲ့ အချိန်ဟာ ကိုနဲ့ပတ်သက်တဲ့ ဒဏ်ရာတွေ ကျက်ဖို့လုံလောက်တဲ့ အချိန် မဟုတ်ခဲ့ဘူး...ကို့အကြောင်းကို မေ့ဖို့ ကြိုးစားပေမဲ့ တခါတလေ သတိရမိတိုင်းတော့ ရင်ဘတ်ထဲက နာကျင်နေတုန်းပဲ... ဒါ တကယ်ပဲလား ဆိုတာ ယုံကြည်ဖို့ လက်ခံဖို့ ကျွန်မ အတော် ကြိုးစားယူရဦးမယ်...

ကျွန်မ ဘဝနဲ့ရင်းပြီး သိပ်ချစ်ခဲ့တဲ့ ကိုဟာ ဒီလောက်ရက်စက်လိမ့်မယ်လို့ မထင်ခဲ့ဘူး ... ကျွန်မသူငယ်ချင်းတွေကတော့ ကို့ကို အဆိုးဆုံးစကားလုံးတွေနဲ့ ကဲ့ရဲ့ ပုတ်ခတ်ခဲ့ကြတာပေါ့... ကျွန်မတော့ အဲလို မထင်ရက်ပါဘူး ကို နဲ့ကျွန်မအကြောင်း သူတို့က ကျွန်မတို့လောက် မသိနိုင်ပါဘူးနော...ပြီးတော့ ကို့အပေါ် ကျွန်မ စိတ်နဲ့ နာကျင်အောင် လုပ်မိခဲ့တာတွေ ရှိခဲ့လို့သာ ကို ဒီလောက် လုပ်ရက်ခဲ့တာနေမှာ...ကိုစိတ်ညစ်အောင် လုပ်မိခဲ့တာတွေအတွက် ကျွန်မ တောင်းပန်ခွင့်မရှိခဲ့ဘူး... 

တွေဝေတယ် သတ္တိမရှိဘူးလို့ စွပ်စွဲခဲ့တဲ့ ကျွန်မဟာ ကို တကယ်ပြတ်သားပြခဲ့တော့ ဘာတတ်နိုင်တော့မှာလဲ... ရွေးချယ်ခွင့်လေးတောင် မရှိတော့တဲ့ အခြေအနေတစ်ခုမှာ ရှေ့ဆက်  ကျွန်မဘယ်လိုဆက်ရပ်တည်မလဲ ကို မသိချင်ဘူးလား... ကို ပျော်နေမယ်ဆိုရင် ကျွန်မ အဝေးကပဲ နှုတ်ဆိတ်နေမှာပါ...ကျွန်မ မေးချင်ခဲ့တဲ့ မေးခွန်းတွေကို   ကိုဟာ  လက်တွေ့ ဖြေပြခဲ့ပြီးပြီပဲ... ကို ဟာ သိပ်အတ္တကြီးသူပါလားဆိုတာ အချိန်နှောင်းမှ သိခဲ့ရတယ်...

ကိုဟာ  သိပ်ဟန်ဆောင်ကောင်းခဲ့တယ် နှစ်အတော်ကြာအောင် ကို့ အချိန်တွေရင်းနှီးပြီး ကျွန်မကို ထိခိုက်စေချင်ခဲ့တာ ကို့ အချိန်တွေ နှမြောစရာကောင်းလွန်းပါတယ်... ကို့ရဲ့ မုသားတွေ ပုံပြင်တွေထဲမှာ ကျွန်မ နစ်မြောနေခဲ့တယ်... ကျွန်မ တုံးအ လွန်းတယ်လို့ ပြောခဲ့တဲ့ ကိုဟာ တကယ်တော့ ဉာဏ်သိပ်ကောင်းခဲ့ပါတယ်...  မရိပ်မိခဲ့တာ ကျွန်မ  ညံ့လို့ပေါ့...

ကျွန်မ သစ္စာဖောက်ခဲ့ရင် သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ကို က အရင် သစ္စာဖောက်ပြခဲ့တော့ ကျွန်မ ဘယ်သူ့ကို သွားသတ်ပြရမလဲ... ကျွန်မကို မျက်နှာချင်းဆိုင် မေးပါဦးလားကွယ်... ကို့ အတွက် ကျွန်မရည်ရွယ်ချက်တွေ စွန့်ပြီး လာခဲ့သူကို ဒီလိုပုံစံနဲ့ ကို ကြိုဆိုရသလား... အဲလိုတွေ လုပ်ခွင့်ရလို့ ကို အရမ်းပျော်သလား ... ကိုဟာ  သိပ်ကြောက်စရာကောင်းတဲ့ လက်စားချေတတ်သူရယ်ပါ... ဒါပေမဲ ကို့ ကို မမုန်းခဲ့ပါဘူး... ကို ကျွန်မအတွက် ဘယ်တော့မှ နောင်မရစေရဘူး...ကို့ ဆုံးဖြတ်ချက်တွေ မှန်ကန်ကြောင်း ကို နေပြပါ...

အဲဒီနေ့က ကျွန်မ ဘဝတစ်ခုလုံး ဗြောင်းဆန်အောင် လှုပ်ခါ သွားခဲ့လိမ့်မယ်ဆို အဲဒီဓါတ်ပုံကို ကျွန်မ ကြည့်မိခဲ့မယ် မဟုတ်ဘူး... သတင်း အစအနလေးတောင်း မပေးဘဲ နှစ်ပတ်ကြာမှ သိခွင့်ရတဲ့ ကို့ရဲ့ ဘဝသစ်အကြောင်းကို ကျွန်မ လက်မခံချင်ခဲ့ဘူး...
ကို့ မှာ ရည်ရွယ်ထားသူ ရှိပါလျက်  ကျွန်မ အိမ်မက်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးဖို့ ကို ဘယ်လောက် ဦးနှောက်ခြောက်ခဲ့ရမလဲ... ကို သိပ်ပင်ပန်းခဲ့မှာပဲ... ကို့ကို သနားလိုက်တာ ... နှလုံးသားတစ်ခုလုံး စတေးပြီး အညှိုးကြီးတဲ့ ကို ဟာ ခု သိပ်ကျေနပ်နေတယ်မလား ...ကို ရက်စက်စိမ်းကားရလောက်အောင် ကျွန်မ ဘာအပြစ်တွေများ ကျူးလွန်မိခဲ့လေသလဲ... 

ကို အောင်မြင်ပါတယ်... ကို့ အကြောင်းတွေး ဓါတ်ပုံကို ကြည့်ပြီး ကျွန်မ မျက်ရည်ကျတယ်  ရင်ထဲက နာတယ် နားကြည်းတယ်  ရည်ရွယ်ချက်တွေ ပရမ်းပတာ ဖြစ်စေတယ် အဲဒီနေ့က ကို မကြိုက်တဲ့ သူတွေနဲ့ သောက်တယ်  မူးတယ်  လမ်းတွေပေါ် လျှောက်သွားတယ်...ရင်ထဲမှာ ပူလောင်နေတယ် ...  ကို ကျေနပ်လား ...ဒါ ကို ဖြစ်စေချင်တဲ့ ကျွန်မပုံစံမဟုတ်လား ...

ကို ဘာလုပ်လုပ်  ခွင့်လွှတ်တယ် ... မေ့မရတာက ကို ပြန်လာမလားလို့ မျှော်လင့်နေလို့ မဟုတ်ဘူး... ကို့ ဘဝကို ထိခိုက်မဲ့အရာ ကျွန်မ ဘယ်တော့မှမလုပ်ပါဘူး... တစ်သက်စာရည်ရွယ်ထားခဲ့လို့သာ  လွမ်းတာမဟုတ်တဲ့ စိတ်မျိုးနဲ့ သတိရမိယုံလေးပါ... တွေးမိတိုင်း ကျမိတဲ့ မျက်ရည်တွေဟာ ကို့ကို ပြောချင်တဲ့စကားတွေပေါ့... ကျွန်မပိုင်တာ ဒါပဲရှိတယ်လေ...

ကျွန်မ ကို့ ကို သိပ်ချစ်ခဲ့တဲ့ အကြောင်း  ထပ်မပြောတော့ဘူးလေ ...
ကို ကျွန်မကို မေ့ပစ်ပါ... ဘဝသစ်မှာ ပျော်ပါ...
ရိုးသားစစ်မှန်တဲ့ သတိရခွင့်ကိုတော့ လက်ဆောင် ပေးခဲ့ပါ... ကျွန်မ မျက်ရည်တွေနဲ့ အဖော်ပြုပါရစေ...

..........

No comments:

Post a Comment