စိတ်ဓါတ်ကျခြင်း၊ စိတ်ပျက်လျော့ခြင်းများသည် မိမိကိုယ်တိုင်အတွက် သော်လည်းကောင်း၊ အခြားတစ်ပါးသော ကိစ္စရပ် ၊ တစ်ပါးသူကြောင့်သော်လည်းကောင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စိတ်၌ဖြစ်သော ခံစားချက်သည် ပတ်ဝန်းကျင်မှာ နေထိုင်ပြောဆိုနေသော်လည်း စိတ်အတွင်းမှာ ပျော်ရွှင်မှု မရှိနိုင်၊ မည်သို့ ပြုံးနေစေသော်လည်း စိတ်အတွင်း၌ အမှန်အကန် အေးချမ်းမှု မရှိသော အခြေအနေဖြစ်သည်။
စိတ်ဓါတ်ပျက်လျော့နေသော လူတစ်ယောက်သည် ကိုယ်တိုင်က ပုံမှန်လှုပ်ရှားနေသော်လည်း အပြင်မှ မျက်နှာအနေအထား၊ ဟန်ပန်အမူအယာထိ ကူးစက်ပျံ့နှံ့လာကာ ပတ်ဝန်းကျင်ထိ ရိုက်ခတ်မှု ကြုံလာသောအခါ မည်သို့ကုစားမည်နည်း။ နေ့စဉ် လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်နေသူများအတွက် မိမိတာဝန်ကျေစွာ လုပ်ကိုင်နေသော်ငြား စိတ်ပျော်ရွှင်တက်ကြွနေသူများလို သရုပ်ဆောင်နိုင်မည် မဟုတ်မှာ သေချာပါသည်။
ထိုအခြေအနေတွင် တစ်ခါတစ်လေ အလုပ်တွေသာ လုပ်နေရတယ် အဓိပ္ပယ်မရှိ ရည်မှန်းချက်မရှိပဲ လုပ်နေရတတ်တယ်။ သူတစ်ပါးတွေလို နေချင်ပေမဲ့ သူတို့နဲ့ ထပ်တူ အဖြစ်မျိုးကို ရလျှင်လည်း လက်တွေ့မှာ မလိုချင်တော့တာမျိုးဖြစ်လာတယ်။ အချစ်ရေးနဲ့ ပတ်သက်ဆက်နွှယ်လာတဲ့ ခံစားမှုတွေကို လက်မခံချင်ဘူး။ မျှော်လင့်ချက်မဲ့လာတယ်။ ကိုယ့်ကို အသိအမှတ် ပြုခြင်း မခံရဘူးလို့ ထင်လာတယ်။ နားလည်မှုတိုင်းဟာ ကိုယ့်ဆီကသွားပြီး ကိုယ့်ဆီပြန်မလာကြဘူးလို့ ထင်လာတယ်။ ကိစ္စတစ်ခုကို စိတ်တိုလွယ်လာတယ်။ မိမိပတ်ဝန်းကျင်က သူတွေအပေါ် သံသယနဲ့ မယုံကြည်မှုတွေ ပိုလာတယ်။ တစ်လောကလုံးမှာ တစ်ယောက်တည်းသာ ရပ်တည်နေရတယ်လို့ ခံစားလာရတယ်။ စိတ်ညစ်စရာအာရုံတွေ ၀င်မလာလို့ အတွက် တီဗွီကြည့်ခြင်း၊ သီချင်းဆိုခြင်း၊ သူငယ်ချင်းများနဲ့ အပြင်ထွက်လည်ခြင်း၊ သောက်စားခြင်း စတာတွေကို ဆက်တိုက်လုပ်နေတတ်တယ်။
ထိုသို့ဆိုလျှင် စိတ်ဓါတ်ပျက်လျော့ခြင်း အတွက် ကုဆေး ရှိနိုင်ပါသလား။ အဆင်မပြေမှု တစ်ခုကြုံလို့ စိတ်ဓါတ်ကျခြင်းအတွက် ကုဆေးကောင်းကောင်း
ရှိမည်ထင်သည်။ သူငယ်ချင်း၊ မိတ်ဆွေများ၏ အားပေးမှု ၊ ထိုအဆင်မပြေမှုများမှ
လွတ်မြောက်အောင် ကြိုးစားအားထုတ်မှုတို့ဖြင့် ကုစားနိုင်ကောင်းသည်။ ပတ်ဝန်းကျင်အသစ်ရှာဖွေခြင်း၊ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ခြင်း၊ ခရီးထွက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ မိမိအား အမှန်အကန် ချစ်ခင်သူများကို ပေါင်းသင်းခြင်း၊ စိတ်ခွန်အား စာစုများ ဖတ်ရှုခြင်းများဖြင့် ၀ိဥာဉ်၏ အေးချမ်းမှု ပျော်ရွှင်မှုကို ပြန်လည် ရှာဖွေနိုင်မည်ဖြစ်သည်။ မိမိ၏ ချစ်သူ (အိမ်ထောင်) ဖက်ပင် မိမိအား စိတ်ပင်ပန်းမှုဖြစ်သည်ဟု ထင်စေလျှင် ဖြတ်တောက်သင့် ဖြတ်ရပါမည်။ သူတစ်ပါးကြောင့် ရလာမည့် ပျော်ရွှင်မှုပေါ် မှီခိုမနေပဲ ကိုယ်တိုင် ပျော်နေတတ်အောင် ဖန်တီးသင့်သည်။ ထိုသို့ ပြောင်းလဲလိုက်ပါက စိတ်၏ လွတ်လပ်မှု ၊ ပျော်ရွှင်မှု အရသာကို ပြန်လည် ရှာဖွေနိုင်မည်ဟု ယုံကြည်သည်။
No comments:
Post a Comment