ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Tuesday, January 10, 2017

အသဲကွဲနေသည်





မထင်မှတ်ပဲ ဖေ့ဘွတ်က သူငယ်ချင်းတစ်ယောက်ဆီက သူ့တို့နှစ်ယောက်တွဲ ပုံလေးကို မြင်တော့ မှုန်ဝါးဝါး အတိတ်လေးတစ်ခုကို သတိရပြီး ပြုံးနေမိတယ်...
အော် သူအိမ်ထောင်ကျသွားပြီပေါ့...

သူနဲ့ တွေ့ဆုံပုံက သိပ်မဆန်းကျယ်လှပါဘူး ကျွန်မ ဆယ်တန်းအောင်ခါစအချိန်... တက္ကသိုလ်တက်ဖို့ မေဂျာတွေ လျှောက်ထားတာ မရသေးခင် ကျူရှင်တက်ဖူးတဲ့ ဆရာမ ဆီမှာ အကူစာသင်ပေးစဉ်ကပေါ့... သူနဲ့ပတ်သက်လို့လည်း အမှတ်တရလေးတွေသိပ်မရှိခဲ့သလို စကားတွေလည်း သိပ်မပြောဖြစ်ခဲ့ပါဘူး... သူဆိုတာက ဆယ်တန်းကျလို့ အပြင်ဖြေဖို့ နေ့ဘက်ကျူရှင်နဲ့  ညစာကျက်ဝိုင်းတက်နေတဲ့ ဆရာမ တပည့်တစ်ဦးဖြစ်သူ...
အစမှာ ကျွန်မထက်အသက်ကြီးတဲ့ သူတွေကို စာပြန်သင်ရတာ  ခပ်ရှိန်ရှိန်ရှိဖြစ်နေခဲ့သေးတာ တစ်လလာက်ကြာတော့ သူငယ်ချင်းတွေလို့ ဖြစ်ပြီး အဆင်ပြေသွားခဲ့တယ်... အဲအထဲက  သူငယ်ချင်းတွေကို အမြဲ စနောက်တတ်သူ တစ်ယောက်မို့လည်း ကျွန်မ သူ့ကို သတိထားမိခဲ့တယ်ပေါ့...

တစ်နေ့ ကျွန်မ ကျေက်သင်ပုန်းရှေ့စာထွက်ရေးနေတုန်း အောက်ဘက်က ဆရာမ စာပြတာလား အလှပြတာလားတဲ့ စနောက်သံကြားလိုက်မိတယ်...ကျောင်းသားတွေက သူတို့ထက်ငယ်ပေမဲ့ ကျွန်မကို ဒါမျိုးစနောက်လေ့ မရှိကြတော့.. ကြားကြားချင်း ကျွန်မ တစ်ကိုယ်လုံးပူထူပြီး စာဆက်မရေးနိုင်တော့ဘူး... သူတို့ကို လှည့်ကြည့်မိတော့ မောင်နှမတွေပဲ ဘာမဖြစ်ဘူး စာဆက်ရေးပါတဲ့... ပြောပြောဆိုဆိုပဲ သူကျွန်မ လက်ထဲက မြေဖြူကို ယူလို့ သူကိုယ်တိုင်ပဲ ကူရေးပေးခဲ့တယ်လေ...အဲတုန်းကဆို ကျွန်မ စိတ်ထဲကနေ သူ့ကို သိပ်ကျေးဇူးတင်နေခဲ့တာပေါ့...

မှတ်မိနေသေးတယ် ကျွန်မတို့ နေတဲ့ ရပ်ကွက်နားမှာ ဘုရားပွဲဖြစ်တော့ သူငယ်ချင်းတွေစုပြီး သွားလည်ကြသေးတာ... သူကျွန်မကို ရဟတ်စီးရအောင်လို့ ခေါ်တော့ ကျွန်မကြောက်နေခဲ့တာ... တခြားသူတွေ မပါဘဲ နှစ်ယောက်တည်းတော့ မသင့်ပါဘူးလေ... ကျွန်မငြင်းတော့ သူမျက်နှာညှိုးသွားတာ ကြည့်ပြီး စိတ်တော့ မကောင်းခဲ့ဘူး....အဲဒီညက အာတာပူစီစားတယ်၊ သိပ်ကပ်စေးနဲတဲ့ သူက ကျွန်မတို့ကို မုန့်တွေ ၀ယ်ကျွေးရင်းလျှောက်လည်ကြချိန်တော့ တခြားသူတွေကိုဖုံးဖိထားရအောင် သူ့ရဲ့အမူအယာက ဟန်ဆောင်မကောင်းခဲ့ပါဘူး...

တစ်ညမှာ အိမ်ရှေ့မှာ ဂစ်တာ တီးပြီးသီချင်းဆိုသံ ကြားမိတယ် ... ဆိုတဲ့ သီချင်းက " ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်..."  နောက်နေ့မနက်ရောက်တော့ သူမေးတယ် ညက သီချင်းဆိုတာ ကောင်းလားတဲ့... ဒါဆို ညက သီချင်းလာဆိုတော့ သူပေါ့... သူငယ်ချင်းတွေနဲ့ အတူနေတဲ့ အဆောင်မှာ ဆရာမဆိုလို့ ကျွန်မသာ ရှိတာ သိထားတော့ သူတို့ စတာနောက်တာခံလိုက်ရပါတယ်... သို့ပေမဲ့ ကျွန်မရဲ့ မသိစိတ်က ပျော်နေမိသလိုလို...

အဲဒီနောက်ပိုင်းမှာ သူ့အမူအယာတွေစပြောင်းလာတာ သတိထားမိခဲ့တယ်... အရင်လိုလည်း သူငယ်ချင်းေ တွကို စနောက်တာမရှိတော့တဲ့အပြင်... ကျွန်မကို တွေ့ရင် စေ့စေ့ကြည့်ပြီး စကားလည်သိပ်ပြောတော့ဘူး... သူ့မျက်လုံးထဲက တစ်ခုခု ပြောချင်နေတယ်လို့ ကျွန်မ တတ်သလောက် ဘာသာပြန်ခဲ့သေးတယ်... ဒါပေမဲ့ နှစ်ယောက်တည်းတွေ့ဖြစ်ရင်တော့ "ဆရာမလေး ချစ်စရာလေး" လို့ စနောက်ပါသေးတယ် ဘယ်လိုအဓိပ္ပာယ်မှ မသက်ရောက်စေတဲ့ အဲဒီစကားလေးကိုပဲ ကျွန်မက ကြည်နူးမိနေသေးသတဲ့...

၃လလောက်အကြာမှ ကျွန်မကျောင်းတက်ရတော့မယ် ဆိုတာ သေချာစေတဲ့ ကျောင်းက စာရောက်လာပါတော့တယ်... တက္ကသိုလ်တက်ဖို့ တက်ကြွခဲ့ဖူးတဲ့ ကျွန်မ ခုကျတော့ ၀မ်းနည်းနေမိသေးတယ်... ဒါဆို ကျောင်းတက်ဖို့အတွက် အိမ်ပြန်ပြီး ပြင်ဆင်ရဦးမှာပေါ့.. မပြန်ခင်တစ်နေ့မှာ နှုတ်ဆက်ပွဲနဲ့ အတူ လက်ဆောင်တွေပေးကြတယ်... သူဘာများ ပေးမလဲလို့ ကျွန်မ တိတ်တိတ်လေး သိချင်နေခဲ့တာ... သူပေးခဲ့ပါတယ် ဒါပေမဲ့ စာအုပ်လေးတစ်အုပ်ရယ်ပါ...

သူပေးဖတ်စေခဲ့တဲ့ စာအုပ်လေးက...

အသဲကွဲနေသည်
မောင်လှမျိုး (ချင်းချောင်းခြံ) တဲ့
ဘာကြောင့်လဲ မသိခဲ့ဘူး...
သိဖို့လည်း မကြိုးစားခဲ့ဘူး...
ဘယ်တော့မှ မမေးဖြစ်တော့မဲ့ အခြေအနေ...

အဲဒီနောက်ပိုင်း ကျွန်မ အသဲကွဲ ဇာတ်လမ်းတွေနဲ့ သိပ်ရင်းနှီးလာခဲ့တယ်...

သူ အသဲကွဲနည်း သင်ပေးခဲ့သလား...




No comments:

Post a Comment