ပြာသိုလ်လပြည့်နေ့
ရင်ထဲတွင် မိဘအတွက် နေရာရှိသော သားသမီးတိုင်းအတွက် နေ့ရက်တိုင်းသည် မိဘနေ့ များသာဖြစ်သင့်ပါသည်... အဝေးမှာနေရသော သားသမီးများနည်းတူ အခြေအနေအမျိုးအမျိုးကြောင့် မိဘအနားမှာ နေခွင့်မရသေးသော သူတိုင်းကိုယ်စား ရေးဖွဲ့ဖြစ်ခဲ့ပြန်ပါပြီ...
အမေ..
တစ်ထောင့်တညရဲ့ ပုံပြင်တွေထဲမှာကျွန်တော်လေ မိန်းမောပြီး သာယာလို့နေရင်း
အချိန်တန်ခဲ့သည်တိုင် အိမ်ပြန်ခွင့်မသာခဲ့
ဒီအချိန်ဆိုရင်လေ.. အိမ်မှာအမေရယ်လေ
ကျွန်တော့်စိတ်နဲ့ ပူပန်နေရှာရော့မယ်...
မလွမ်းတတ်တဲ့ လူတွေရဲ့ကြားမှာ
ကျွန်တော်လေ တစစနဲ့ ပျော်ဝင်နစ်နေလဲ
ရင်ခွင့်အမိရပ်ဆီ လည်ပြန်မှန်းကာကြည့်
ရယ်သံလိုလိုရယ် ငိုသံလိုလိုရယ်
နွမ်းလျလို့ အိမ်.. ပြန်.. တကယ် ခက်ပြီ...
#ပြည့်စုံ
အသိတစ်ယောက်ရေးတဲ့ ကဗျာလေးဖတ်ပြီး ရင်ထဲဝမ်းနည်းမိတာ တစ်ရက်မက နှစ်ရက်ဟုတ်ခဲ့လေတော့...
မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ် ပြာသိုလ်လပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကိုထုတ်ဖော်ပြောဆိုကြသည်...
စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ် လပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ပြက္ခဒိန်တွင် ပြာသိုလ်လပြည့်အမေ့နေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်...
၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်... မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်...
မြန်မာပြည်တွင် အမေနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသားစာဆို စာရေးဆရာကြီး ဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေ ပညာရှင်များက ဆရာကြီးဦးသုခနှင့် တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်၍ ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်... ဆရာကြီး ဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင်ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသော မိခင်၏ ကြေကွဲခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခ ရင်ထဲ၌ ကိန်းဝပ် အစပျိုးခဲ့ကြောင်း၊ ဆရာကြီးဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြောကာ အမေ့မေတ္တာ ပြန့်ပွားရေးကို စတင် လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း၊ ဆရာကြီးဦးသုခက အမေနေ့အကြောင်း မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းကိုလည်းဆို၊ ပြောလည်းပြော၊ ငိုလည်းငို၍ ဟောပြောစဉ် ပရိသတ်သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သားခဲ့ဖူးသည်...
ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ် (၁၉၉၅) ခုနှစ်တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီးဦးသုခအား အမေနေ့ သတ်မှတ်ပေးရန် ပူဆာ တိုက်တွန်းခဲ့ခြင်းကြောင့် မန္တလေးမြို့တွင် ဆရာကြီးဦးသုခ ကိုယ်တိုင် ဟောပြော၍ ပြာသိုလပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်ခဲ့သည်... “အမေနေ့” ကို ပြာသိုလပြည့်နေ့အဖြစ် အတည်ဖြစ်စေရန် (၁၉၉၆) ခုနှစ်တွင် ဆရာ ဦးသုခသည် ဆရာချစ်စံဝင်းအား အားပေးဆော်သြခဲ့သည်။ ထိုသို့ဖြင့် စာပေလောက၊ အနုပညာလောကနှင့် ကျန်းမာရေးလောကမှ တတ်သိပညာရှင်များ စုပေါင်းကာ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် အမေနေ့အဖြစ် ဆရာချစ်စံဝင်းက ထပ်မံကျင်းပ၍ ဟောပြောခဲ့သည်...
အမေနေ့တွင် အဝေးရောက် သားသမီးများသည် မိခင်ထံသို့ စာရေးခြင်း၊ ပို့စကတ် လက်ဆောင်ပေးပို့ခြင်း၊ ဖုန်းဆက်၍ စကားပြောခြင်း၊ မိခင်နှင့် အတူရှိသော သားသမီးများသည်လည်း အမေကိုရေမိုးချိုးပေးကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပေးခြင်း၊ အမြဲလိုလို တစ်နှစ်တာပတ်လုံး မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသော အမေကို မီးခိုးငွေ့ကင်းစင်သော ဟိုတယ်ကြီးများ၊ စေတီပုထိုးများသို့ ပို့ဆောင်ပေးခြင်း စသည်ဖြင့် အမေနေ့တွင် အမေကို ရိုသေမြတ်နိုး လေးစားကြည်ညိုသူများက လူမျိုးဓလေ့ ယဉ်ကျေးမှုအလိုက် အမေများကို ဂရုတစိုက် ပြုစု စောင့်ရှောက်ခဲ့ကြသည်...
ရက်ပေါင်း (၃၆၅)ရက်တွင် အမှတ်တရ နေ့ထူးနေ့မြတ်များမှာ သူ့နိုင်ငံနှင့်သူ၊ သူ့လူမျိုးနှင့်သူ၊ သူ့ဓလေ့စရိုက်နှင့်သူ၊ သူ့ယဉ်ကျေးမှုနှင့်သူ အမျိုးမျိုး ရှိကြသည်... ကျွန်တော်တို့ နိုင်ငံတွင်လည်း လအလိုက် ပွဲတော်များရှိသလို နေ့အလိုက် သတ်မှတ်ရက်များ ရှိကြသည်... နေ့အလိုက် သတ်မှတ်ထားသည့် ရက်များထဲတွင် မိခင်များနေ့ (သို့) အမေနေ့ကို လူငယ်အချို့ မေ့ကောင်းမေ့နေကြသလို သတိရကောင်း ရနိုင်ကြသူများလည်း ရှိပေလိမ့်မည်...
No comments:
Post a Comment