ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Thursday, January 19, 2017

သင် မပျော်ရွှင်ဖြစ်နေသလား ?



                        

စိတ်ဓါတ်ကျခြင်း၊ စိတ်ပျက်လျော့ခြင်းများသည် မိမိကိုယ်တိုင်အတွက် သော်လည်းကောင်း၊ အခြားတစ်ပါးသော ကိစ္စရပ် ၊ တစ်ပါးသူကြောင့်သော်လည်းကောင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စိတ်၌ဖြစ်သော ခံစားချက်သည် ပတ်ဝန်းကျင်မှာ နေထိုင်ပြောဆိုနေသော်လည်း စိတ်အတွင်းမှာ ပျော်ရွှင်မှု မရှိနိုင်၊ မည်သို့ ပြုံးနေစေသော်လည်း စိတ်အတွင်း၌ အမှန်အကန် အေးချမ်းမှု မရှိသော အခြေအနေဖြစ်သည်။

စိတ်ဓါတ်ပျက်လျော့နေသော လူတစ်ယောက်သည် ကိုယ်တိုင်က ပုံမှန်လှုပ်ရှားနေသော်လည်း အပြင်မှ မျက်နှာအနေအထား၊ ဟန်ပန်အမူအယာထိ ကူးစက်ပျံ့နှံ့လာကာ ပတ်ဝန်းကျင်ထိ ရိုက်ခတ်မှု ကြုံလာသောအခါ မည်သို့ကုစားမည်နည်း။ နေ့စဉ် လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်နေသူများအတွက် မိမိတာဝန်ကျေစွာ လုပ်ကိုင်နေသော်ငြား စိတ်ပျော်ရွှင်တက်ကြွနေသူများလို  သရုပ်ဆောင်နိုင်မည် မဟုတ်မှာ သေချာပါသည်။

ထိုအခြေအနေတွင် တစ်ခါတစ်လေ အလုပ်တွေသာ လုပ်နေရတယ် အဓိပ္ပယ်မရှိ ရည်မှန်းချက်မရှိပဲ လုပ်နေရတတ်တယ်။  သူတစ်ပါးတွေလို နေချင်ပေမဲ့ သူတို့နဲ့ ထပ်တူ အဖြစ်မျိုးကို ရလျှင်လည်း လက်တွေ့မှာ မလိုချင်တော့တာမျိုးဖြစ်လာတယ်။ အချစ်ရေးနဲ့ ပတ်သက်ဆက်နွှယ်လာတဲ့ ခံစားမှုတွေကို လက်မခံချင်ဘူး။ မျှော်လင့်ချက်မဲ့လာတယ်။ ကိုယ့်ကို အသိအမှတ် ပြုခြင်း မခံရဘူးလို့ ထင်လာတယ်။ နားလည်မှုတိုင်းဟာ ကိုယ့်ဆီကသွားပြီး ကိုယ့်ဆီပြန်မလာကြဘူးလို့ ထင်လာတယ်။ ကိစ္စတစ်ခုကို စိတ်တိုလွယ်လာတယ်။ မိမိပတ်ဝန်းကျင်က သူတွေအပေါ် သံသယနဲ့ မယုံကြည်မှုတွေ ပိုလာတယ်။ တစ်လောကလုံးမှာ တစ်ယောက်တည်းသာ ရပ်တည်နေရတယ်လို့ ခံစားလာရတယ်။ စိတ်ညစ်စရာအာရုံတွေ ၀င်မလာလို့ အတွက် တီဗွီကြည့်ခြင်း၊ သီချင်းဆိုခြင်း၊ သူငယ်ချင်းများနဲ့ အပြင်ထွက်လည်ခြင်း၊ သောက်စားခြင်း စတာတွေကို ဆက်တိုက်လုပ်နေတတ်တယ်။ 

ထိုသို့ဆိုလျှင် စိတ်ဓါတ်ပျက်လျော့ခြင်း အတွက် ကုဆေး ရှိနိုင်ပါသလား။ အဆင်မပြေမှု တစ်ခုကြုံလို့ စိတ်ဓါတ်ကျခြင်းအတွက် ကုဆေးကောင်းကောင်း ရှိမည်ထင်သည်။ သူငယ်ချင်း၊ မိတ်ဆွေများ၏ အားပေးမှု ၊ ထိုအဆင်မပြေမှုများမှ လွတ်မြောက်အောင် ကြိုးစားအားထုတ်မှုတို့ဖြင့် ကုစားနိုင်ကောင်းသည်။ ပတ်ဝန်းကျင်အသစ်ရှာဖွေခြင်း၊ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ခြင်း၊ ခရီးထွက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ မိမိအား အမှန်အကန် ချစ်ခင်သူများကို ပေါင်းသင်းခြင်း၊ စိတ်ခွန်အား စာစုများ ဖတ်ရှုခြင်းများဖြင့် ၀ိဥာဉ်၏ အေးချမ်းမှု ပျော်ရွှင်မှုကို ပြန်လည် ရှာဖွေနိုင်မည်ဖြစ်သည်။ မိမိ၏ ချစ်သူ (အိမ်ထောင်) ဖက်ပင် မိမိအား စိတ်ပင်ပန်းမှုဖြစ်သည်ဟု ထင်စေလျှင် ဖြတ်တောက်သင့် ဖြတ်ရပါမည်။ သူတစ်ပါးကြောင့် ရလာမည့် ပျော်ရွှင်မှုပေါ် မှီခိုမနေပဲ ကိုယ်တိုင် ပျော်နေတတ်အောင် ဖန်တီးသင့်သည်။  ထိုသို့ ပြောင်းလဲလိုက်ပါက စိတ်၏ လွတ်လပ်မှု ၊ ပျော်ရွှင်မှု အရသာကို ပြန်လည် ရှာဖွေနိုင်မည်ဟု ယုံကြည်သည်။









Sunday, January 15, 2017

Birthday Wish



15 Jan 2017

ကျွန်မ မွေးနေ့
မြန်မာလအရ ပြာသိုလ်လဆန်း ၅ ရက်



 
ဟတ်ပီး ဘတ်ဒေးဆိုတဲ့ ဆုတောင်းလေးဟာ သိပ်နားဝင်ချိုစရာ ကောင်းနိုင်ပါသည်...

တစ်ချိန်က ထိုနေ့မှာ အမေဟာ နာကျင်မှုကိုခါးစည်းခံလို့ ကျွန်မကို လူ့လောကဆီ အရောက်ခေါ်ဆောင်ပေးခဲ့တယ်... ထို့အတွက် အမေ့အား အမြဲ ကျေးဇူးတင်မိသည်...

ဟန်ဆောင်မှုတွေ ခင်းကျင်းထားတဲ့ မွေးနေ့ ဆုတောင်းတွေ မတောင့်တလိုတော့...

ထိုသို့ဖြင့် နေ့အားလုံးထဲမှ ထိုနေ့လေးအား တိတ်ဆိတ်စွာ ဖြတ်သန်းဖြစ်ခဲ့သည်...



Thursday, January 12, 2017

အမေနေ့ (Mother Day)


ပြာသိုလ်လပြည့်နေ့

ရင်ထဲတွင် မိဘအတွက် နေရာရှိသော သားသမီးတိုင်းအတွက် နေ့ရက်တိုင်းသည် မိဘနေ့ များသာဖြစ်သင့်ပါသည်... အဝေးမှာနေရသော သားသမီးများနည်းတူ အခြေအနေအမျိုးအမျိုးကြောင့် မိဘအနားမှာ နေခွင့်မရသေးသော သူတိုင်းကိုယ်စား  ရေးဖွဲ့ဖြစ်ခဲ့ပြန်ပါပြီ...

အမေ..
တစ်ထောင့်တညရဲ့ ပုံပြင်တွေထဲမှာ
ကျွန်တော်လေ မိန်းမောပြီး သာယာလို့နေရင်း
အချိန်တန်ခဲ့သည်တိုင် အိမ်ပြန်ခွင့်မသာခဲ့
ဒီအချိန်ဆိုရင်လေ.. အိမ်မှာအမေရယ်လေ
ကျွန်တော့်စိတ်နဲ့ ပူပန်နေရှာရော့မယ်...
မလွမ်းတတ်တဲ့ လူတွေရဲ့ကြားမှာ
ကျွန်တော်လေ တစစနဲ့ ပျော်ဝင်နစ်နေလဲ
ရင်ခွင့်အမိရပ်ဆီ လည်ပြန်မှန်းကာကြည့်
ရယ်သံလိုလိုရယ် ငိုသံလိုလိုရယ်
နွမ်းလျလို့ အိမ်.. ပြန်.. တကယ် ခက်ပြီ...

#ပြည့်စုံ

အသိတစ်ယောက်ရေးတဲ့ ကဗျာလေးဖတ်ပြီး ရင်ထဲဝမ်းနည်းမိတာ တစ်ရက်မက နှစ်ရက်ဟုတ်ခဲ့လေတော့...
 
 

 
 
အမေနေ့ (Mother Day) သည် ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပါသည်...
မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ် ပြာသိုလ်လပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကိုထုတ်ဖော်ပြောဆိုကြသည်...

စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ် လပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ပြက္ခဒိန်တွင် ပြာသိုလ်လပြည့်အမေ့နေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်...

၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်... မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်...

မြန်မာပြည်တွင် အမေနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသားစာဆို စာရေးဆရာကြီး ဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေ ပညာရှင်များက ဆရာကြီးဦးသုခနှင့် တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်၍ ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်... ဆရာကြီး ဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင်ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသော မိခင်၏ ကြေကွဲခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခ ရင်ထဲ၌ ကိန်းဝပ် အစပျိုးခဲ့ကြောင်း၊ ဆရာကြီးဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြောကာ အမေ့မေတ္တာ ပြန့်ပွားရေးကို စတင် လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း၊ ဆရာကြီးဦးသုခက အမေနေ့အကြောင်း မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းကိုလည်းဆို၊ ပြောလည်းပြော၊ ငိုလည်းငို၍ ဟောပြောစဉ် ပရိသတ်သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သားခဲ့ဖူးသည်...

ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ် (၁၉၉၅) ခုနှစ်တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီးဦးသုခအား အမေနေ့ သတ်မှတ်ပေးရန် ပူဆာ တိုက်တွန်းခဲ့ခြင်းကြောင့် မန္တလေးမြို့တွင် ဆရာကြီးဦးသုခ ကိုယ်တိုင် ဟောပြော၍ ပြာသိုလပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်ခဲ့သည်...  “အမေနေ့” ကို ပြာသိုလပြည့်နေ့အဖြစ် အတည်ဖြစ်စေရန် (၁၉၉၆) ခုနှစ်တွင် ဆရာ ဦးသုခသည် ဆရာချစ်စံဝင်းအား အားပေးဆော်သြခဲ့သည်။ ထိုသို့ဖြင့် စာပေလောက၊ အနုပညာလောကနှင့် ကျန်းမာရေးလောကမှ တတ်သိပညာရှင်များ စုပေါင်းကာ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် အမေနေ့အဖြစ် ဆရာချစ်စံဝင်းက ထပ်မံကျင်းပ၍ ဟောပြောခဲ့သည်...

အမေနေ့တွင် အဝေးရောက် သားသမီးများသည် မိခင်ထံသို့ စာရေးခြင်း၊ ပို့စကတ် လက်ဆောင်ပေးပို့ခြင်း၊ ဖုန်းဆက်၍ စကားပြောခြင်း၊ မိခင်နှင့် အတူရှိသော သားသမီးများသည်လည်း အမေကိုရေမိုးချိုးပေးကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပေးခြင်း၊ အမြဲလိုလို တစ်နှစ်တာပတ်လုံး မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသော အမေကို မီးခိုးငွေ့ကင်းစင်သော ဟိုတယ်ကြီးများ၊ စေတီပုထိုးများသို့ ပို့ဆောင်ပေးခြင်း စသည်ဖြင့် အမေနေ့တွင် အမေကို ရိုသေမြတ်နိုး လေးစားကြည်ညိုသူများက လူမျိုးဓလေ့ ယဉ်ကျေးမှုအလိုက် အမေများကို ဂရုတစိုက် ပြုစု စောင့်ရှောက်ခဲ့ကြသည်...

ရက်ပေါင်း (၃၆၅)ရက်တွင် အမှတ်တရ နေ့ထူးနေ့မြတ်များမှာ သူ့နိုင်ငံနှင့်သူ၊ သူ့လူမျိုးနှင့်သူ၊ သူ့ဓလေ့စရိုက်နှင့်သူ၊ သူ့ယဉ်ကျေးမှုနှင့်သူ အမျိုးမျိုး ရှိကြသည်... ကျွန်တော်တို့ နိုင်ငံတွင်လည်း လအလိုက် ပွဲတော်များရှိသလို နေ့အလိုက် သတ်မှတ်ရက်များ ရှိကြသည်... နေ့အလိုက် သတ်မှတ်ထားသည့် ရက်များထဲတွင် မိခင်များနေ့ (သို့) အမေနေ့ကို လူငယ်အချို့ မေ့ကောင်းမေ့နေကြသလို သတိရကောင်း ရနိုင်ကြသူများလည်း ရှိပေလိမ့်မည်...

 






Tuesday, January 10, 2017

အသဲကွဲနေသည်





မထင်မှတ်ပဲ ဖေ့ဘွတ်က သူငယ်ချင်းတစ်ယောက်ဆီက သူ့တို့နှစ်ယောက်တွဲ ပုံလေးကို မြင်တော့ မှုန်ဝါးဝါး အတိတ်လေးတစ်ခုကို သတိရပြီး ပြုံးနေမိတယ်...
အော် သူအိမ်ထောင်ကျသွားပြီပေါ့...

သူနဲ့ တွေ့ဆုံပုံက သိပ်မဆန်းကျယ်လှပါဘူး ကျွန်မ ဆယ်တန်းအောင်ခါစအချိန်... တက္ကသိုလ်တက်ဖို့ မေဂျာတွေ လျှောက်ထားတာ မရသေးခင် ကျူရှင်တက်ဖူးတဲ့ ဆရာမ ဆီမှာ အကူစာသင်ပေးစဉ်ကပေါ့... သူနဲ့ပတ်သက်လို့လည်း အမှတ်တရလေးတွေသိပ်မရှိခဲ့သလို စကားတွေလည်း သိပ်မပြောဖြစ်ခဲ့ပါဘူး... သူဆိုတာက ဆယ်တန်းကျလို့ အပြင်ဖြေဖို့ နေ့ဘက်ကျူရှင်နဲ့  ညစာကျက်ဝိုင်းတက်နေတဲ့ ဆရာမ တပည့်တစ်ဦးဖြစ်သူ...
အစမှာ ကျွန်မထက်အသက်ကြီးတဲ့ သူတွေကို စာပြန်သင်ရတာ  ခပ်ရှိန်ရှိန်ရှိဖြစ်နေခဲ့သေးတာ တစ်လလာက်ကြာတော့ သူငယ်ချင်းတွေလို့ ဖြစ်ပြီး အဆင်ပြေသွားခဲ့တယ်... အဲအထဲက  သူငယ်ချင်းတွေကို အမြဲ စနောက်တတ်သူ တစ်ယောက်မို့လည်း ကျွန်မ သူ့ကို သတိထားမိခဲ့တယ်ပေါ့...

တစ်နေ့ ကျွန်မ ကျေက်သင်ပုန်းရှေ့စာထွက်ရေးနေတုန်း အောက်ဘက်က ဆရာမ စာပြတာလား အလှပြတာလားတဲ့ စနောက်သံကြားလိုက်မိတယ်...ကျောင်းသားတွေက သူတို့ထက်ငယ်ပေမဲ့ ကျွန်မကို ဒါမျိုးစနောက်လေ့ မရှိကြတော့.. ကြားကြားချင်း ကျွန်မ တစ်ကိုယ်လုံးပူထူပြီး စာဆက်မရေးနိုင်တော့ဘူး... သူတို့ကို လှည့်ကြည့်မိတော့ မောင်နှမတွေပဲ ဘာမဖြစ်ဘူး စာဆက်ရေးပါတဲ့... ပြောပြောဆိုဆိုပဲ သူကျွန်မ လက်ထဲက မြေဖြူကို ယူလို့ သူကိုယ်တိုင်ပဲ ကူရေးပေးခဲ့တယ်လေ...အဲတုန်းကဆို ကျွန်မ စိတ်ထဲကနေ သူ့ကို သိပ်ကျေးဇူးတင်နေခဲ့တာပေါ့...

မှတ်မိနေသေးတယ် ကျွန်မတို့ နေတဲ့ ရပ်ကွက်နားမှာ ဘုရားပွဲဖြစ်တော့ သူငယ်ချင်းတွေစုပြီး သွားလည်ကြသေးတာ... သူကျွန်မကို ရဟတ်စီးရအောင်လို့ ခေါ်တော့ ကျွန်မကြောက်နေခဲ့တာ... တခြားသူတွေ မပါဘဲ နှစ်ယောက်တည်းတော့ မသင့်ပါဘူးလေ... ကျွန်မငြင်းတော့ သူမျက်နှာညှိုးသွားတာ ကြည့်ပြီး စိတ်တော့ မကောင်းခဲ့ဘူး....အဲဒီညက အာတာပူစီစားတယ်၊ သိပ်ကပ်စေးနဲတဲ့ သူက ကျွန်မတို့ကို မုန့်တွေ ၀ယ်ကျွေးရင်းလျှောက်လည်ကြချိန်တော့ တခြားသူတွေကိုဖုံးဖိထားရအောင် သူ့ရဲ့အမူအယာက ဟန်ဆောင်မကောင်းခဲ့ပါဘူး...

တစ်ညမှာ အိမ်ရှေ့မှာ ဂစ်တာ တီးပြီးသီချင်းဆိုသံ ကြားမိတယ် ... ဆိုတဲ့ သီချင်းက " ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်..."  နောက်နေ့မနက်ရောက်တော့ သူမေးတယ် ညက သီချင်းဆိုတာ ကောင်းလားတဲ့... ဒါဆို ညက သီချင်းလာဆိုတော့ သူပေါ့... သူငယ်ချင်းတွေနဲ့ အတူနေတဲ့ အဆောင်မှာ ဆရာမဆိုလို့ ကျွန်မသာ ရှိတာ သိထားတော့ သူတို့ စတာနောက်တာခံလိုက်ရပါတယ်... သို့ပေမဲ့ ကျွန်မရဲ့ မသိစိတ်က ပျော်နေမိသလိုလို...

အဲဒီနောက်ပိုင်းမှာ သူ့အမူအယာတွေစပြောင်းလာတာ သတိထားမိခဲ့တယ်... အရင်လိုလည်း သူငယ်ချင်းေ တွကို စနောက်တာမရှိတော့တဲ့အပြင်... ကျွန်မကို တွေ့ရင် စေ့စေ့ကြည့်ပြီး စကားလည်သိပ်ပြောတော့ဘူး... သူ့မျက်လုံးထဲက တစ်ခုခု ပြောချင်နေတယ်လို့ ကျွန်မ တတ်သလောက် ဘာသာပြန်ခဲ့သေးတယ်... ဒါပေမဲ့ နှစ်ယောက်တည်းတွေ့ဖြစ်ရင်တော့ "ဆရာမလေး ချစ်စရာလေး" လို့ စနောက်ပါသေးတယ် ဘယ်လိုအဓိပ္ပာယ်မှ မသက်ရောက်စေတဲ့ အဲဒီစကားလေးကိုပဲ ကျွန်မက ကြည်နူးမိနေသေးသတဲ့...

၃လလောက်အကြာမှ ကျွန်မကျောင်းတက်ရတော့မယ် ဆိုတာ သေချာစေတဲ့ ကျောင်းက စာရောက်လာပါတော့တယ်... တက္ကသိုလ်တက်ဖို့ တက်ကြွခဲ့ဖူးတဲ့ ကျွန်မ ခုကျတော့ ၀မ်းနည်းနေမိသေးတယ်... ဒါဆို ကျောင်းတက်ဖို့အတွက် အိမ်ပြန်ပြီး ပြင်ဆင်ရဦးမှာပေါ့.. မပြန်ခင်တစ်နေ့မှာ နှုတ်ဆက်ပွဲနဲ့ အတူ လက်ဆောင်တွေပေးကြတယ်... သူဘာများ ပေးမလဲလို့ ကျွန်မ တိတ်တိတ်လေး သိချင်နေခဲ့တာ... သူပေးခဲ့ပါတယ် ဒါပေမဲ့ စာအုပ်လေးတစ်အုပ်ရယ်ပါ...

သူပေးဖတ်စေခဲ့တဲ့ စာအုပ်လေးက...

အသဲကွဲနေသည်
မောင်လှမျိုး (ချင်းချောင်းခြံ) တဲ့
ဘာကြောင့်လဲ မသိခဲ့ဘူး...
သိဖို့လည်း မကြိုးစားခဲ့ဘူး...
ဘယ်တော့မှ မမေးဖြစ်တော့မဲ့ အခြေအနေ...

အဲဒီနောက်ပိုင်း ကျွန်မ အသဲကွဲ ဇာတ်လမ်းတွေနဲ့ သိပ်ရင်းနှီးလာခဲ့တယ်...

သူ အသဲကွဲနည်း သင်ပေးခဲ့သလား...




Monday, January 9, 2017

တာရာမင်းဝေ စာအုပ်များ


  
တာရာမင်းဝေ - သိုးဆောင်းဂစ်တာတစ်လက်ရဲ့ မှတ်တမ်း
တာရာမင်းဝေ - ကောင်းကင်အကြွေ ကောက်တဲ့လက်
တာရာမင်းဝေ - ယန္တရားအရေခွံနဲ့လူ
တာရာမင်းဝေ - စံပယ်အတွေး (ဝတ္ထုတို)
တာရာမင်းဝေ - စောင်းကြိုးပြတ်ရွာ မွန်းတည့်အလွန် ၄ နာရီ
တာရာမင်းဝေ - ကျွန်တော်နှင့် အဝါရောင် ဗီးနပ်စ်
တာရာမင်းဝေ - ကျွန်တော်နှင့်ဆောင်းရာသီဒဿန
တာရာမင်းဝေ - မျဉ်းဖြောင့်၏ ဧရိယာ
တာရာမင်းဝေ - တစ်ကိုယ်တော်ရေးတဲ့ ကကြီးကခွေး
တာရာမင်းဝေ - စောင်းကြိုးတန်းလန်းနဲ့ လခြမ်း
တာရာမင်းဝေ - ကြယ်သီချင်းနဲ့ လမင်းသံစဉ်
တာရာမင်းဝေ - နေရဲ့ အင်္ကျီ
တာရာမင်းဝေ - ဝတ်မှုန်တစ်စက်ရဲ့ အထ္ထုပ္ပတိ
တာရာမင်းဝေ - နတ်ပျိုမအတွက်ပန်း
တာရာမင်းဝေ - ပန်းခေတ်ကလမင်း
တာရာမင်းဝေ - စုန်းကိုက်ခံရတဲ့ပန်းသီး
တာရာမင်းဝေ - ကျောခိုင်းထားတဲ့နေမင်း
တာရာမင်းဝေ - ပန်းလက်ဖဝါးမှာပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်ကလေး
တာရာမင်းဝေ - ရွှေတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာမယ့်တစ်နေ့
တာရာမင်းဝေ - ဝင်္ကပါကိုဖွင့်တဲ့သော့
တာရာမင်းဝေ - ကျွန်တော်နဲ့ဧဒင်ကခြေသည်
တာရာမင်းဝေ - အရှေမြို့ ရိုးကမိုးရေစက်များ
တာရာမင်းဝေ - ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး
တာရာမင်းဝေ - ပြိုင်မြင်းတို့ရဲ့ခွာသံ
တာရာမင်းဝေ - ကိုယ့်လက်နဲ့ဖမ်းမိတဲ့နဂါးငွေ့တန်း
တာရာမင်းဝေ - မှော်ဆရာရဲ့ ကျောင်းစာအုပ်
တာရာမင်းဝေ - ကျွန်တော်နဲ့ကြယ်မြင်လမြင် လောကဓံ
တာရာမင်းဝေ - သင်နှင့်နံနက်ခင်းကိုသာဝင် ခွင့်ပြုမည်
တာရာမင်းဝေ - ကျွန်တော်နဲ့ကြေးသွန်းယဉ်ကျေးမှု
တာရာမင်းဝေ - ကိုးမရှိတဲ့န၀င်း
တာရာမင်းဝေ - လရောင်ကိုပန်၍ ညယံ၌လည်း မွေးမွေးမြမြဖြူစင်နိုင်စေ
တာရာမင်းဝေ - ကိုယ်ရေးကိုယ်တာ ပုရပိုက်
တာရာမင်းဝေ - ကျွန်တော်နှင့် ကံကြမ္မာလက်နက်များ
တာရာမင်းဝေ - မိုးခေါင်လို့တီးတဲ့ဗုံသံ နှင့် တခြားကဗျာတိုများ
တာရာမင်းဝေ - အနေအထိုင်မတတ်တဲ့ကြယ်
တာရာမင်းဝေ - လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်
တာရာမင်းဝေ - ဓါးမှတ်စု(ဝတ္ထုတို)
တာရာမင်းဝေ - ကျွန်တော်နှင့် နတ်ဘုရားရုပ်တု(ဝတ္ထုတို)
တာရာမင်းဝေ - လူနံပါတ်-၁၃ (ဝတ္ထုတို)
တာရာမင်းဝေ - သူသည် ကဗျာဆရာတစ်ယောက်ဖြစ်သည် (ကဗျာများ)
တာရာမင်းဝေ - ကျွန်တော်တူးဖော်ခဲ့သည့်မြေစိုင်မြေခဲများအကြောင်း
တာရာမင်းဝေ၊ ဝေမှူးသွင် - မိုးရာသီပတ်ပျိုး
တာရာမင်းဝေ - ကတ်သီးကတ်သတ် အင်္ဂလိပ်စကားလုံးများ
တာရာမင်းဝေအမှတ်တရစာစုမျာ  
တာရာမင်းဝေ - ရှူး
တာရာမင်းဝေ - သူအိုးပုတ်လေး ကျွန်တော်ပြန်မပေးပါ
တာရာမင်းဝေ - ပင်လယ်အတုထဲကကျွန်း