ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Friday, January 30, 2015

ရွာနှင့်အမှတ်တရများ


 
D နှစ်ဦးပိုင်း ရွာပြန်တော့ ကြုံရာအမျိုးအိမ်တွေ လှည့်ပတ် စားသောက်ခဲ့
 
                           
 
ကလေးမလေးတွေလည်း အလည်လိုက်လာခဲ့ကြပေါ့ (မခေါ်လည်းမရ )




 
  ဆုံဖြစ်တိုင်း ကလေးတွေလိုစနောက် သူတို့ကစိတ်ဆိုးနဲ့ ချစ်စရာ အဖိုးနဲ့ အဖွား (ကန်တော့ရင်း ရိုက်)
 
 
 
ဧည့်သည်တူမကိုခေါင်းရင်းခန်းမှာ နေရာပေးပြီးခြေရင်းကထိုင် စကားတွေဖောင်ဖွဲ့နေတဲ့ဘကြီးနဲ့အဒေါ်
 
 

 တရားပွဲအတွက် ရွာမှ လူကြီးလူငယ် တရားပွဲတွက် တက်ကြွစွာ ပြင်ဆင်နေကြစဉ်
 
 

 
ဘေးအိမ်က ကျီးကျီးတို့ အိမ်မှာလည်း ပဲဆွတ်ရင်း(ပဲဆွတ်ခူး) ပဲပြုတ်ကပ်စားခဲ့သေး

 

 
အနေနီးပီး မတွေ့ရတဲ့ အိမ်ထောင်ကျသွားသော သူငယ်ချင်းမနဲ့ သူ့သမီးလေး
 

 
 အချိန်မရတဲ့ကြားက သခင်မြမွေးရပ်မြေ ထုံးဘိုနားက အကောက်တောင် ဘုရားများ ဖူးမြော်
 
  
 
 
 
 

Friday, January 16, 2015

Anger

တစ်ပါးသူကို ဒေါသမထွက်ဖို့ ပြောရတာ လွယ်သလောက် ကိုယ်တိုင် ဒေါသစိတ်ဖြစ်လာတော့ ထိန်းရခက်ပါတကား  ပုထုစဉ်ပီပီ  စိတ်အလိုမကျတာ တစ်ခု ကြုံရင် သတိထားဖို့ မမေ့ပေမဲ့  စိတ်က အလိုအလျောက်  ဖောင်းလာတော့တာ  လူတစ်ယောက်ကို ဒေါသဖြစ်နေပေမဲ့ အဲလူက သိချင်မှတောင် သိမှာ ကိုယ့်မှာသာ ကိလေသာ မီးတွေ တစ်ကိုယ်တည်းလောင်ကျွမ်းနေတာ  အင်း စိတ်ကို ထိမ်းချုပ်ရတာ သိပ်ခက်ပါလားနော်  လူတွေဟာ ခွင့်လွှတ်ပါဆိုတဲ့ စကားကို လွယ်လွယ်ပြောတတ်ကြပါ၏ ကိုယ်တိုင်တော့ ခွင့်လွှတ်ပေးတတ်ဖို့ မေ့လျော့ နေကြသလား။
 
သင် စိတ်မဆိုးတတ်တဲ့ လူတစ်ယောက်ကို စိတ်ကုန်အောင် မလုပ်မိပါစေနဲ့လား  ဒါဟာ သူ့အတွက် သင့်ရဲ့ နောက်ဆုံး ကျီစယ်ခွင့် ဖြစ်သွားတတ်ပါတယ် တစ်ချို့သူတွေဟာ ခွင့်လွှတ်တတ်ကြပေမဲ့ တိုက်ဆိုင်မှုရှိတိုင်း သတိရနေတတ်ကြတယ်  ဒေါသနဲ့ သတိရတာမျိုး မဖြစ်ဖို့တော့ လိုပါလိမ့်မယ်။
 
သင့်ကို ပေးထားတဲ့ ကတိကို မေ့သလိုလိုနဲ့ချိုးဖောက်တတ်သူတွေနဲ့ သင်တွေ့ဖူးပြီလား   ဒါဆို သင် ကိုယ်တိုင် ကတိတစ်ခုခု အလေးအနက် ထိမ်းသိမ်းကြည့်ဖို့ အကြံပေးပါစေ  အသေးအဖွဲ့လေးတွေကစ  အသေချာ စိစစ်တတ်တဲ့ သင့် ချစ်သူ ၊သူငယ်ချင်းတစ်ယောက်ယောက်ကို သင် ခဏခဏ ကတိမဖျက်ပါနဲ့  အကြိမ်ရေ များလာရင်  ရိုးသွားပီး   သင်ဟာ သူ့အတွက် တန်ဖိုး မရှိသူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

Thursday, January 15, 2015

Welcome To New Days



 
15-01-2015 
 
ဒီနေ့ဟာ ကျွန်မ 29 နှစ် ပြည့်သောနေ့ လူ့ဘ၀မှာနေရဖို့ တစ်နှစ်လျော့သွားပီ ရင့်ကျက်မှုတွေဟာ အသက်နဲ့ တိုက်ရိုက်အချိုးမကျနိုင်သေး လွန်ခဲ့သော နှစ်က ကံကောင်းခဲ့တယ် ဆိုမလား မွေးနေ့မှာ ဆန္ဒတစ်ခုနဲ့ တစ်ထပ်တည်းကျခဲ့တယ်ပေါ့ ခုတလောဖြစ်ချင်တာ၊ လုပ်ချင်တာတွေ သိပ်များနေပြန်တယ် ဒီနှစ်ကိုတော့ ကောင်းမှု မြူမှုံ တစ်ချို့နဲ့ ကန့်လန့်ကာ စဖွင့်မလားလို့...
.
.
.
.
.
 

Saturday, January 10, 2015

သုံးတစ် (၃-၁)

ပြောင်းလဲ သွားတဲ့ ကျောင်းကြီးရဲ့ ပုံကို အမှတ်မထင် တွေ့မိတော့ တစ်ချိန်က ပညာသင်ခဲ့တဲ့ ကျောင်းတော်ဟောင်းကြီးရယ် သူငယ်ချင်းများနဲ့ အမှတ်တရတွေဟာ မဖိတ်ခေါ်ပဲ စိတ်ကူးနယ်ထဲ ၀င်လာတော့တယ် ကျွန်မတို့ GTI တက်ခဲ့တာ ဧရာဝတီမြစ်ပေါ် နဖူးတင်ထားတဲ့ ခရိုင်မြို့လေးတစ်မြို့ပါ စတက်တုန်းက ကျောင်းက မြို့တွင်းမှာပဲရှိသေးတယ် ဒုတိယ နှစ်ရောက်တော့ မြို့ပြင်သွားတက်ရတယ် အဲဒီမြို့တွင်းကျောင်းမှာ စတက်တကည်းကကျွန်မက Civil ကျောင်းသူ ၊အဆောင်တူ သူငယ်ချင်း နှစ်တူ မေဂျာကွဲ သူက EC မေဂျာမတူပေမဲ့ သူနဲ့ကျွန်မမှာ အခြားတူညီတာလေးတွေရှိတော့ ပေါင်းသင်းဖြစ်သွားတယ် ၊ နောက်တစ်ရောက်က တစ်ခန်းတည်း သင်ရတဲ့ မေဂျာတူ သူငယ်ချင်းမ သုံးယောက်တွဲဖြစ်ကြတယ်ပေါ့……
တက္ကသိုလ်နယ်မြေကို ခြေချမိတော့ ပထမ နှစ်မှာ သူငယ်ချင်းသစ်တွေနဲ့ အားလုံးဟာ အသစ်ဆန်းတွေဖြစ်လို့  ကလေးဘ၀ကစလို့ ဆယ်တန်းနှစ်ထိ စာအုပ်မျက်နှာ မကွာရအောင် ဖိအားပေးမှုအောက်မှာ နေလာခဲ့သမျှ ဒီနေရာဟာ သိပ်ကို လွတ်လပ်လွန်းနေခဲ့တော့တယ် ကျွန်မတို့ သုံးယောက်ဟာ အပေါင်းသင်းဆိုလည်း မေဂျာမတူ အသက်မတူတဲ့ စီနီယာတွေနဲ့ ပေါင်းဖြစ်တယ် သတိထားမိတဲ့ သူတစ်ချို့ပေးထားတဲ့ အမည် ကျွန်မတို့ သုံးယောက်ကို  သုံး-တစ် (၃-၁) တဲ့   သိပ်ပေ သိပ်တေတဲ့ ကလေးလေးတွေ  စာမသင်ချင်ဘူးဆို  ဆရာစာသင်နေတဲ့အခန်းရှေ့မှာတင်  စာမသင်ပဲ  သွားထိုင်နေတတ်သေးတယ်  စာမေးပွဲနီးမှ ဆရာ ဆရာတွေက စာကျက်တော့လေ စာမေးပွဲနီးပီလို့ ပြောယူရတယ် …  မှတ်မိသေးတယ်  EC သူငယ်ချင်းမဟာ လေ  အတန်းမတက်ချင်လို့ စာသင်ခန်းမသွားပဲ Drawing ခန်းထဲသွားအိပ်နေခဲ့တာ ကျွန်မတို့ နှစ်ယောက် စာသင်ချိန် ပီးလို့ သူ့ဆီသွားတော့ သူအတန်းမတက်တာသိရတယ် ဒါနဲ့ ကျောင်းထဲမှာလဲ မရှိတော့ အိမ်ပြန်သွားပီထင်လိုက်တာပေါ့  အဆောင်ပြန်ရောက်တော့မှ သူမရှိဘူး ဘယ်ဟုတ်မလဲ သူက ည ခုနှစ်နာရီလောက်မှ ပြန်လာတယ် သူ ပုံဆွဲတဲ့ အခန်းထဲမှာ အိပ်ပျော်နေတာတဲ့ ဟဟ အဲလိုဆိုးခဲ့တာ…
မေဂျာတူ သူငယ်ချင်းမလေးကတော့  သိပ်စိတ်ကောက်တတ်တာ  ငယ်ငယ်က အလိုလိုက်ခံခဲ့ သူပီပီ တစ်ခုခု အလိုမကျရင် ကောက်ပီပဲ ကျွန်မတို့ နှစ်ယောက်က သူမကြိုက်တာလုပ်ပီး သူမ စိတ်ကောက်ပီဆို ချော့ရတာ အမော….ဒါပေမဲ့ သူမဟာ စိတ်ထားကောင်းသူလေးပါ သူငယ်ချင်းတွေအပေါ်လည်း အနစ်နာခံတယ်  အဲဒါကြောင့်လဲ ကျောင်းမှာ သူ့ဆီက ပိုက်ဆံချေးမဲ့သူ ပေါပီး ပြန်မဆပ်ကြဘူးလေ ဒါလည်း သူ့အားနည်းချက်လို့ ဆိုရမလားပဲ သူနဲ့ ပါတ်သက်လို့ ကျွန်မမှာ အမှတ်တရတွေသိပ်များတယ်  ဒုတိယနှစ်ရောက်တော့ သူ့အိမ်ကိုကျွန်မ ပြောင်းနေဖြစ်တယ် ငုဝါပန်းတွေ ဝေဆာအောင်ပွင့်တဲ့ ငုပင်တွေနဲ့ လမ်းတလျှောက်မှာ ကျောင်းဖယ်ရီ စီးဖို့ တူတူ လမ်းလျှောက်သွားကြတယ်  မိုးရာသီဆို ရင် မိုးရွာထဲ စက်ဘီးစီးကြတယ်  မြစ်ရေတွေ တက်လာရင်  ဧရာဝတီမြစ်ကမ်းဘေး လှေစီးကြတယ်  အများကြီးပါပဲ  ….ကျောင်းသားဘ၀ဟာ နောက်တစ်ခါ ပြန်မရနိုင်တဲ့ ပျော်စရာ အချိန်ကာလလေး တစ်ခုဖြစ်ခဲ့တယ်ပေါ့…
ဂုဏ်ယူမိတာ တစ်ခုက ဘယ်လောက်ပဲ ဆိုးပေခဲ့ကြပေမဲ့ ကျွန်မတို့ သုံးယောက်လုံးဟာ ငါးနှစ်ဆိုတဲ့ ကာလထိ ပညာရေနို့သောက်ခဲ့ပီး  ဘွဲ့ကိုယ်စီရခဲ့တာကိုပဲ...  ကျွန်မ ကျေနပ်မိပါတယ်  ကျောင်းတော်မှာ ပျော်ခဲ့တယ်  ဘ၀အတွက် အဖိုးတန်တာတွေ အများကြီး ရခဲ့တယ် ခုဆို ကျွန်မက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတယ်  မေဂျာတူသူငယ်ချင်းမက  မိဘနဲ့ အတူနေပီး  တာဝန်ထမ်းဆောင်နေတယ်   EC က ကျောင်းပီးတော့ စောစွာပဲ သူ့ရဲ့ ကိုယ်ပိုင် မိသားစုဘ၀လေးထဲ တိုးဝင်သွားတယ်   ခုတော့ သူ့ သားလေးတောင်  မူကြိုရောက်နေပီ တွေ့ရင် ပြောတတ်ပါသေးတယ်  သူ့ကို ကျွန်မတို့နှစ်ယောက်က ယောက်က္ခမ ခေါ်ရတော့မတဲ့…  သူပြောလည်း  ခံရမှာပဲ ကျွန်မတို့ နှစ်ယောက်က  သူ့လောက်  သတ္တိမရှိဘူး ဆိုချင်ဆို   ဒီလို  တစ်ကိုယ်ရေ နေရတဲ့ လွတ်လပ်မှုကို  မက်မောစွာ ဖက်တွယ်ထားဆဲ …… တစ်နေရာဆီ ဝေးကွာနေကြလည်း  တိုက်ဆိုင်မှုရှိတိုင်း သတိရနေမှာပါ   သူငယ်ချင်းမတို့ရေ… ဒီသီချင်လေး အတိုင်းပေါ့   “ ဟိုးတုန်းက ကျောင်းလမ်းထိပ်က ငုဝါပန်းတွေပွင့်လာရင် … ”

Tuesday, January 6, 2015

ကျွန်မ စကားမပြောတတ်သေးပါ

 
 
မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ရင် ပြောစရာ စကားတွေဟာ မကုန်နိုင် မခမ်းနိုင်ခဲ့ဘူး တစ်ခါမှ မသိကျွမ်းဘူးတဲ့ သူကို စတင် နှုတ်ဆက်ဖို့ လွယ်ကူသလောက်  သူနဲ့ကိုယ်ကြား ကြာကြာ စကားစပြတ်မသွားစေဖို့ တော်တော်ခက်ခဲ တယ်ဆိုတာ ဒီနေ့ သိလိုက်ရတယ်  အိမ်မှာဆို ပေါက်ပေါက်ဖောက်သလို ပြောနိုင်တဲ့ ကိုယ် သူစိမ်းနဲ့ ကျတော့ တကယ့်လို့ ပြောစရာ မရှိတော့ပါလားနော် ကိုယ်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အတော်လေး လေ့ကျင့် ရဦးမယ်ဆိုတာ အဲခါမှ သိလိုက်တယ်…
ယနေ့ သူငယ်ချင်းကောင်လေးတစ်ယောက်က  သူ့ကောင်မလေးနဲ့ မိတ်ဆက်ပေးဖို့ခေါ်လာတယ်  လမ်းကြုံလို့်  နှုတ်ဆက်ရင် သူကဘယ်သူပါ  နေကောင်းလား ဘာညာနဲ့ ပီးသွားနိုင်ပေမဲ့ သီးသန့် ခေါ်လာ မိတ်ဆက်ပေးမယ်ဆိုတော့ အဲလိုမကောင်းပြန်ဘူးလေ ဒါနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားစမြည်ပြောကြမယ်ပေါ့လေ မိန်းကလေးက  ကိုယ့်အောက် တစ်နှစ်ငယ်ပီး ချောချောလေးပါဘဲ  ဒါတော့ ကိုယ့် သူငယ်ချင်း အရွေးတော်သွားပြန်တယ်လို့ စိတ်ထဲက ချီးမွမ်းလိုက်သေးရဲ့  ကောင်လေးနဲ့တော့ အရင်ကတည်းကသိနေတော့ ပြောစရာတွေရှိနေတာပေါ့  ဒါပေမဲ့ သူနဲ့ချည်းပဲပြောနေလို့ မကောင်းပြန်    သူ့ဝါသနာ ကိုယ်မသိ မှန်းရမ်းပြောလည်း တစ်ခါ နှစ်ခါ မကောင်း  သူစိတ်ဝင်စားမဲ့ အကြောင်းအရာ လည်း မသိ ကိုယ်ပြောချင်တာချည်းလည်း ပြောနေလို့ မဖြစ်ပြန် ဒီကြားထဲ လူကဲခတ်ကလည်း ညံ့နေသေးတယ်  တော်သေးတာပေါ့ သူငယ်ချင်းက  အားလုံးပါဝင်ဆွေးနွေးလို့ ရမဲ့စကားမျိုးရှာ ပြောခဲ့ပေလို့ ...
အော် လူတွေကြားထဲ ကျင်လည်လာတာ သက်တန်းတစ်ဝက်လောက်ရှိတော့မယ် ကျောင်းစာတွေ ဘယ်လောက်တတ်လို့ ဘွဲ့တွေ အစီစီ ရခဲ့ပါစေ လောကီပညာတွေ သင်ယူဖို့ အများကြီး ရှိပါသေးလားလို့ …

Monday, January 5, 2015

မွေးရပ်ရွာသို့ အလွမ်း





 
 
ရွာကို ပြန်ရတော့မယ် ဆိုတဲ့ အသိက ရင်ထဲက ခြောက်သွေ့စ အလွမ်းကို စိုစွတ်လာစေတယ် ရွာကိုလွမ်းတဲ့ ခံစားချက်ကို ရွာကိုရောက်ဖူးတဲ့သူ ၊ ရွာမှာနေဖူးတဲ့ သူတွေ လက်တွေ့သိကြမှာပါ တကယ်တော့ ရွာကို ခုမှပြန်ဖူးတာမဟုတ် မူလတန်းထိ အောင်ပီးလို့ ခွဲခွါလာခဲ့ပီး အလယ်တန်းကနေ ဘွဲ့ရသည်အထိ ပဲဆိုပါတော့ ကိုယ်ရောက်နေတဲ့ နေရာ ဌါန အနီးအဝေးသာ ကွာခြားသွားမယ် အချိန်တန်တော့ ဒီ ရွာလေးကိုပဲ သတိတရ ပြန်လာခဲ့ရတာပဲ တွေးလိုက်တိုင်းငယ်ဘ၀ ရဲ့ ပုံရိပ်တွေက မျက်လုံးထဲမှာ ချက်ချင်းပြေးမြင်မိတယ် အရင်က တူတူကစားခဲ့တဲ့ ငယ်သူငယ်ချင်း တွေကော ခုချိန်ဆို တချို့က ဘွဲ့တွေရ လုပ်ငန်းခွင်တွေဝင်နေကြတယ် တစ်ချို့များလည်း ကိုယ်ပိုင်မိသားစုဘ၀ကို တည်ဆောက်လို့ ပျော်နေကြရဲ့ ခုချိန်ရွာပြန်ရင် သူတို့ အားလုံး ကို အတူ စုံ တွေ့ရဖို့ မလွယ်ကူတော့ တစ်ယောက်တစ်နေရာစီ တာဝန်ကိုယ်စီ နဲ့ ဘ၀အတွက် ရုန်းကန်နေကြတာ တစ်နှစ်တစ်ခေါက်ရွာပြန်ရဖို့ အနိုင်နိုင်ပေမဲ့ သူတို့ ရင်ထဲမှာတော့ တစ်ချိန်က ရွာလေးကိုတော့ ရင်ထဲမှာ လွမ်းနေကြမှာ သေချာပါတယ်...


ကျွန်မ အိမ်ပြန်ရင် အပျော်ဆုံးလူဟာ အဖေပါပဲ အိမ်ကနေ ခွဲရပြန်တော့မယ်ဆို ၀မ်းနည်းဆုံးဟာလဲ သူပဲဖြစ်မှာပါ အဖေဟာ ကျွန်မကို ခွဲခါစကဆို သတိရလွန်းလို့ ညညဆို အိမ်မပျော်ဘူး သမီးအကြောင်းပဲတွေးနေတယ် မိဘနဲ့ ဝေးရာမှာ နေကောင်းရဲ့လား၊ အစားအသောက်အဆင်ပြေလား ကျောင်းတက်ရတာ စာလိုက်နိုင်လား၊ အလုပ်ထဲရောက်တော့လည်း အလုပ်အဆင်ပြေလား ပင်းပင်သလားနဲ့ ဖုန်းဆက်တိုင်းမေးရှာတယ် ကျွန်မ ပြန်ရင် အဖေ မျက်ရည်ကျမှာစိုးလို့ ကားဂိတ်ကိုတောင်လိုက်မပို့ခဲ့ဘူး ကျွန်မ နားလည်ခဲ့ပါတယ် ဘယ်လောက်ပဲ ဘယ်နှစ်ကြိမ်ပဲ ပြန်လာလိုက် ခွဲသွားလိုက် နေပါစေ ဒါဟာ မရင့်ကျက်သေးတဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေပါပဲ…….


ဒီတစ်ခေါက်ရွာပြန်ရမှာ ခါတိုင်းထက်ပို ပျော်မိနေသလိုပဲ ရွာက မိဘ ဆွေမျိုး ၊ သူငယ်ချင်းတွေ ဆုံတွေ့ရမဲ့ အပြင် ရွာအတွက်တစ်ခုခုလုပ်ပေးနိုင်ခဲ့တာကိုလည်း ၀မ်းသာပိတိဖြစ်နေတာအမှန်ပင် ပီးခဲ့တဲ့ ခြောက်လလောက်က ပြန်တော့ ရွာမှာ တရားပွဲ ကျင်းပပေးရင် ကောင်းမလားလို့ ရွာဦးကျောင်းဆရာတော်နဲ့ တိုင်ပင်ပီး နီးစပ်ရာ သူငယ်ချင်းတွေကို အကူညီတောင်းတော့ ကြိုးစားလိုက်တာ တကယ်အကောင်ထည်ဖော်ခွင့်ရတော့မှာမို့ပါ ဒါ့အပြင် ရွာမှာ အစိုးကရ မူလတန်းကျောင်းအသစ်ဆောက်လုပ်ခွင်ချပေးတော့ လိုအပ်နေသေးတဲ့ စာရေးစာပွဲ နဲ့ ထိုင်ခုံအချို့ ပညာဒါန ပြုခွင့်ရခဲ့တယ် ဆရာ၊ဆရာမများနဲ့ ကျောင်းသားလေးတွေကိုလည်း အာဟာရမုန့်ကျွေးပီး စာရေးကိရိယာအချို့ ပေးဝေခဲ့သေးတယ် ရွာဦးဘုန်းကြီးကျောင်းမှာအ၀င်လမ်းအတွက် လျှောက်လမ်း ပေ ၂၀ ခန့်အတွက် လှူဒါန်းခွင့်ရခဲ့ပါတယ် ရွာလေးဟာ တိုးတက်လာတဲ့ အခြေနေဆိုပေမဲ့ ဒီထက်ပို တိုး ဖြစ်စေချင်တာ ရင်ထဲက ဆန္ဒပါပဲလေ…… ကလေးတွေရဲ့ ပညာရေး ၊ စိတ်ဓါတ်ပိုင်း၊ ဗဟုသုတ ရစေချင်တာ ၊ စိတ်ပိုင်းကော ရုပ်ပိုင်းဆိုင်ရာကော တိုးတက်လာစေချင်တာ အားလုံးဟာ ကိုယ်တစ်ယောက်တည်း လုပ်ယူလို့ မရပေမဲ့ ရွာသူရွာသားအားလုံးနဲ့ ကျွန်မတို့ ပူးပေါင်းရင် ဖြစ်ရမယ် လို့ ယုံကြည်မိတယ်…… ဒီတစ်ခါပြန်ရင် ရွာရဲ့လိုအပ်ချက်တွေထဲက ဘယ်လိုနေရာကနေ ထောက်ပံ့ပေးနိုင်ပါ့မလဲဆိုတာ ရှာဖွေရင်း ကျွန်မရဲ့ မွေးရပ်မြေ ဆီသို့ စိတ်ကူးများ ဖြန့်ကျက်လိုက်မိစဉ်ဝယ်......







Friday, January 2, 2015

အိမ်မက်တစ်ခုမှ နိုးထချိန်


နံနက်ခင်းဆို ...

မက်ဆေ့လေးတွေနဲ့ နိုးတတ်ခဲ့ပီ

အရင်က စောင့်ဆိုင်းခြင်းကို မနှစ်မြို့ခဲ့

ခု စိတ်ရှည်တတ်လာပီ...

ဖုန်းအကြာကြီး ပြောရမှာ မကြိုက်ခဲ့သူ

ခုနေ ဖုန်းလိုင်းကျမှာ စိုးရိမ်တတ်ခဲ့ပီ

အချိန်မလောက်တဲ့ ကြားက...

အချိန်ပိုတွေ ရှာတတ်ခဲ့ပီ

ဟုတ်တယ်...

ဝန်ခံခဲ့သင့်တာ

ဆယ်စုနှစ် တစ်ခု နီးပါး လွန်ခဲ့ပေါ့...