ဒီနေ့ ရုံးရှေ့နားက အပင်တွေဆီ မော့ကြည့်မိရင်းမှ ရိုးတံခြောက်လေးတွေက ပြက္ခဒိန်ကြည့်စရာမလိုပဲ နွေရောက်တော့မည်ဆိုတာကို သိသာစေသည်...
အိမ်နားက ငုဝါပန်းပင်တွေလည်း ထိန်ထိန်ဝင်းအောင် ပွင့်ကုန်နေကြလေပြီ...
သင်္ကြန်၏ အရိပ်အရောင်တို့ သန်းစပြုလာပြန်ပေါ့... သင်္ကြန်အမှီ အချိန်မှန်ပွင့်တတ်သော ငုသည် ပိတောက်ထက် သစ္စာရှိသည်ထင်ရသည်...
ဒီချိန်ဆို ရေကစားရန်မဏ္ဌပ်များ ပြင်ဆင်နေကြရော့မည်... အချိန်တွေကို ရေတွက်ရင်း သင်္ကြန်နှင့်ဝေးကွာလာတာ ခြောက်နှစ်ပြည့်တော့မည်...
သင်္ကြန်ကိုလွမ်းတာ အမှန်ပါ... အမေလုပ်ကျွေးဖူးသော သင်္ကြန်မုန့်တွေကို လွမ်းသည်... အဖွားအိမ်သို့ ဆွမ်းချိုင့်လေးပို့တဲ့ အချိန်တွေကိုလွမ်းသည်... သူငယ်ချင်းတွေနှင့် လျှောက်လည်ဖူးတာတွေ လွမ်းသည်...
သင်္ကြန်နှင့်ပတ်သက်လို့ အမှတ်တရတွေ အများကြီး ရှိခဲ့ဘူးသည်... တစ်ချိန်တုန်းက သင်္ကြန်သည် ချစ်သူတွေနှင့် ဆုံစည်းစေခဲ့သလို ခင်သူတွေနဲ့ စိမ်းစေခဲ့ဖူးပြီ...
ခုတော့လည်း သင်္ကြန်ဟာ လွမ်းသာလွမ်းရသည် ကိုယ့်နှင့်မသက်ဆိုင်သလိုပါ...
No comments:
Post a Comment