ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ
Friday, November 18, 2016
လွန်ဆန်ခွင့်မရှိသော
"အကျီးရယ် အာရုံသွေးကြောပေါက်လို့တဲ့ သတိပြန်မလည်တော့ဘူး"
"အစ်မရေ အမေ ဗိုက်ထဲမှာ အကျိတ် တွေ့လို့တဲ့ ခွဲရမယ်"
ခုရက်ပိုင်းကြားရတဲ့ သတင်းစကားတွေက ဘယ်သူ့ အဖေ ဆုံးလို့တဲ့..... ဘယ်သူ့က ဘာရောဂါဖြစ်လို့တဲ့....အစုံစုံ... ဒါတွေကြားမိတော့ အိမ်က အဖေနဲ့ အမေဆီကို စိတ်က ရောက်သွားတယ်....
နာခြင်း သေခြင်း ရောဂါဆိုးတွေက အသက်အရွယ်မရွေး ၊ လူတန်းစားမရွေး ၀င်ရောက်ဖျက်ဆီးနေတဲ့ အချိန်ကာလကြီးပေပဲ.... ရောဂါကြီးကြီးမားမား မရှိသည့်တိုင် ဇယာကပြောတဲ့ နာခြင်းကိုရင်ဆိုင်နေရတဲ့ အဖေနဲ့ အမေကိုစိတ်ပူနေမိပြန်ကော.... အမေဟာ ငြိမ်သက်စွာနေရခြင်းနဲ့ ဓါတ်မတည့်၊ လှုပ်ရှားနေရမှ ကျန်းမာရေးကောင်းမယ်လို့ ထင်ရလောက်အောင် အလုပ်ပါးလို့ အိမ်မှာနားနေသည့်ရက်များတွင်တောင် အမေသည် အေးဆေးစွာ အနားမယူပေ ..... တစ်နှစ်က အမေရယ် ဒီနှစ် တရားစခန်းဝင်ပါ ထိုင်နိင်သလောက်ပေါ့ လို့ ပြောမိတာ .... တရားစခန်းမှ ထွက်လာတော့ ခြေထောက်တွေနာကျင်တာ ခုချိန်ထိ ဒဏ်အဖြစ်နဲ့ စွဲနေရာ ကြာကြာထိုင်လိုက်တိုင်း နာကြင်မှုကို ခံစားနေရဆဲ.... ထိုနောက်ပိုင်း တရားထိုင်ဖို့ မတိုက်တွန်းရဲတော့..... အဖေဟာ အသက်ငါးဆယ်ကျော်မှာ ခါးနာရောဂါ အစပြုခဲ့တာ.....သားသမီးတွေ ငယ်စဉ်က အလုပ်တွေ ဘယ်လောက်တောင် လုပ်ခဲ့သည်မသိ ခွဲစိတ်ကုသခဲ့သည့်တိုင် ရောဂါ ကင်းစင်အောင်မပျောက်သွား.... လွန်ခဲ့သည့် ငါးနှစ်ခန့်က အိမ်နီးနားချင်း သက်တူ အန်တီတစ်ယောက် ကင်ဆာရောဂါနှင့် ဆုံးပါးသွားကတည်းက အဖေဟာ တရားဘက်မှာ အားသာလာတာ သတိပြုမိသည်.... အရင်က တစ်ခါမှ တရားစခန်းမ၀င်ဘူးပေမဲ့ ခုဆို နှစ်စဉ် နှစ်တိုင်း တရားထိုင် ကုသိုလ်ရေးမှာလည်း စိတ်ပါဝင်စားလာလို့ အဝေးမှ သမီးဖြေဆည်နိုင်ပါသေးတယ်.... အနားမှာ မစောင့်ရှောက်နိုင်ပေမဲ့ မိဘနှစ်ပါး ကျန်းမာစွာ နေထိုင်နိုင်တဲ့အတွက် စိတ်ပူပန်မှု လျော့နည်းရပါသေးသည်.... သိုပေမဲ့ အသေမဦးခင် ကံဦးအောင် ဆိုသည့်အတိုင်း မအိုခင် မနာခင် မသေခင်မှာ ပြုသောကံတွေ ကောင်းစေဖို့ မိဘတို့အတွက် သားသမီးတွေ မှာ တာဝန်ရှိသေးသည်မလား.....
Friday, November 4, 2016
ယုံကြည်မှု
ယုံကြည်မှုတွေ တစ်ကြိမ်ထက်ပို ချိုးဖောက်ခံရတော့ အလိမ်ခံရတယ်လို့ ထင်တတ်လာတယ်....
ထိုနေ့က ကျွန်မရဲ့ ယုံကြည်မှုတွေ ဆုံးရှုံးလိုက်ရတဲ့နေ့......
အပြောနှင့်အလုပ် လက်တွေ့ကျချင်သော ကျွန်မအတွက် မျှော်လင့်ချက်မဲ့ စေသောနေ့.....
အသေးအမွှား ကိစ္စကိုပင် အလေးထားတတ်တဲ့ ကျွန်မအတွက် လောကကြီးက သင်ခန်းစာပေးခဲ့သောနေ့တစ်နေ့.....
တရေးရေးနဲ့ ပြန်တွေးကြည့်တော့ ဒါပထမဆုံးအကြိမ်မှ မဟုတ်ခဲ့ပဲ......
ကျောင်းတက်စဉ်က သူငယ်ချင်းတစ်ယောက်နဲ့ မှတ်မှတ်ရရ အဖြစ်ပျက်လေးတစ်ခု ရှိဖူးခဲ့တာ သတိရမိတယ် ..... ကျောင်းပိတ်ရက် တစ်ရက်မှာ မိုင် နှစ်ဆယ်ကျော် ဝေးကွာတဲ့ အခြားမြို့က သူငယ်ချင်းတစ်ယောက် ဆုံးလို့ ဆိုပြီး လူကြုံ လာတော့ ကျွန်မ သိပ်သွေးပူခဲ့ဖူးတယ်...... ကျွန်မ စိုးရိမ်စွာနဲ့ ချက်ချင်း သူ့ဆီ အပြေးရောက်သွားခဲ့တော့ သူက အိမ်မှာ ကျန်းမာစွာနဲ့ ဆီးကြိုနေခဲ့တယ်..... ကျွန်မကိုသတိရလို့ သူ့ဆီ ရောက်လာမလား စပ်းသပ်တာတဲ့..... သူ့ လုပ်ရပ်အတွက် အောင်မြင်စွာ သိပ်သဘောကျစွာနဲ့ပေါ့..... ဖွင့်မပြောဖြစ်ခဲ့ပေမဲ့ သူနဲ့ ပတ်သက်ရင် ဘယ်အရာကိုမှ မယုံကြည်တတ်ခဲ့တာ ခုချိန်ထိပဲ.....
အဲလိုနဲ့ လူတွေ အပေါ် ယုံကြည်မှု လျော့နည်းလာခဲ့သလို စိတ်ပျက်လာခဲ့မိတယ်.....
ကျွန်မ အလုပ်ခွင်ရောက်တော့ လူတွေကို မယုံကြည်သင့်ဘူးဆိုတာ ပိုသိလာရတယ်..... ဒါပေမဲ့ ကျွန်မရဲ့ မိဘ ၊ အရင်းနှီးဆုံး ထင်ရတဲ့ သူငယ်ချင်းတွေက တော့ အမြဲ ရှိနေမှာပဲလို့ ထင်နေမိသေးတယ်.....
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အကူညီလိုအပ်တဲ့ မိတ်ဆွေတစ်ယောက်ကို ငွေအနည်းငယ်ထောက်ပံ့ခဲ့တုန်းက..... သူပြန်ပေးဆပ်မဲ့ အချိန်တန်တော့ ခေါင်းရှောင်နေခဲ့တယ်..... ကျွန်မ တစ်လစာဝင်ငွေကို ဆုံးရှုံးခံနိုင်ပေမဲ့ အလွဲသုံးစားလုပ်ခဲ့တဲ့ သူ့လုပ်ရပ်အတွက် ယုံကြည်လွန်းတဲ့ ကိုယ့်ကိုကိုယ်ပဲ စိတ်ထဲက အပြစ်ပေးမိပြန်တယ်.....
ကျွန်မချစ်သူနဲ့ ချိန်းဆိုဖူးတဲ့ အဖြစ်အပျက်တစ်ခု မှတ်မိသေးတယ်.....ကျွန်မ လေယာဉ်စီးပြီး အဝေးက ပြန်လာမယ်ပြောတော့ သူလာကြိုမယ်တဲ့..... ကျွန်မ ကြိုတွေးပြီး ရင်ခုန်စိတ်လှုပ်ရှားခဲ့ဖူးတာပေါ့....လေဆိပ်ရောက်တော့ သူ မလာခဲ့ပါဘူး.....
ကျွန်မ ဒေါသထွက်ခဲ့ပေမဲ့ ဘာမှ မတတ်နိုင်ခဲ့ဘူး..... ကျွန်မ သိပ် မျှော်လင့်ခဲ့တာကိုး.....
လွဲချော်မှုတွေအတွက် ကျွန်မဟာ အကြောင်းပြချက်တွေကို လက်ခံတတ်ပြီး အရာရာကို သဘောထားကြီးစွာ နားလည်ပေးတတ်တဲ့ လူတစ်ယောက် မဖြစ်ခဲ့ပြန်ဘူး.....
ကျွန်မရဲ့ စိတ်တွေကို ကျွန်မရဲ့ အရင်းနီးဆုံးသူတွေကပဲ ပျော်အောင်လုပ်ကြတယ် စိတ်ညစ်အောင်လုပ်ကြတယ် စိတ်ပျက်တတ်အောင်လည်း လုပ်နိုင်ကြတယ်.....
ကိုယ့်စိတ်နဲ့ကိုယ် ရပ်တည်ရမယ်ဆိုတာ သိပေမဲ့လည်း လက်မခံပဲ အားကိုးရာ အမှီတစ်ခုခုကို ရှာဖွေနေတုန်းပဲ.....
ခုတော့ ကျွန်မရဲ့ စိတ်တွေ နလံပြန်ထူဖို့ ကြိုးစားရဦးမယ်.....
Subscribe to:
Posts (Atom)