ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Tuesday, March 24, 2015

အမှတ်တရ နေ့စွဲ တစ်ချို့

 

 

                         ကြာတော့ ကြာခဲ့ပါပီ အမှတ်တရတွေ အများကြီးထဲမှာမှ ဒီနေ့ ရထားစီးရင်း ဗိုက်ထဲက ဆန္ဒပြလာလို့ သတိရမိသွားတာ  လွန်ခဲ့သော တက္ကသိုလ်တက်ချိန်ကပေါ့  သူငယ်ချင်းနဲ့ တူတူ ( သူမက ဟသာင်္တသူပါ ကျွန်မက ကြံခင်းသူ)  မဲဇလီကုန်း က သူငယ်ချင်းတစ်ယောက်မင်္ဂလာဆောင်လာခဲ့ပါဖိတ်တာရယ် ကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်တော့ ဟသာင်္တကနေ ပုသိမ်-ကြံခင်းရထားစီးပီး နေ့ချင်းပြန် သွားကြစဉ်  ကံမကောင်းစွာ ရိုးရိုးတန်းလက်မှတ်ပဲရတယ်လေ...
                        သူငယ်ချင်းအတွက် လက်ဖွဲ့တွေ လူကြုံပစ္စည်းတွေပါ ပိုက်လို့ပေါ့  ပုသိမ်-ကြံခင်းရထားလိုင်းက စီးဖူးသူတိုင်းသိကြပါတယ်  လူတန်းစားပေါင်းစုံ ခြေချစရာနေရာမရှိအောင်ကို အထက်တန်းတွဲက ခုံပြည့်ရင် လူပိုအတင်မခံဘူး ရိုးရိုးတန်းက ထိုင်ခုံရသူ မရသူ အားလုံး စုပြုံစုံကျ တဲ့ ကြားထဲ ပစ္စည်းတွေက လမ်းတစ်လျှောက်ပြည့်ကြပ်အောင်တင်တာ... အများအားဖြင့် အခြေခံလူတန်းစားအတော်များများက ရိုးရိုးတန်း စီးကြတာ များပါတယ်  တစ်ချို့ကလည်း ခရီးအေးဆေးသွားချင်လို့ အထက်တန်းကို ဈေးကြီးပေးစီးချင်ပေမဲ့ ခုံလက်မှတ် ကုန်ရင်  ရိုးရိုးတန်းကို အလိုလို ရောက်သွားတာပါပဲ ဒီထဲမှာ ကျွန်မတို့ အပါအ၀င်ပေါ့...ထိုင်ခုံရတာကိုပဲ ၀မ်းသာလှပီ သွားရမဲ့ နေရာက ဟသာင်္တ ဘူတာမှ ငါးဘူတာလောက်  နှစ်နာရီခန့်ခရီးပါ ..
                     ကဲ ရထားကြီးက ထွက်ပါပီ ရထားနဲ့ ခရီးမသွားဘူးတဲ့ ကျွန်မ သူငယ်ချင်းမက ပျော်လို့  ဟင်္သာတမြို့က နေ ပထမဆုံး ဘူတာဖြစ်တဲ့ မြို့ကွင်းရောက်တော့ ထမင်းစားချိန်လည်းရောက်ကော နာမည်ကြီး မြို့ကွင်းထမင်း ထုပ်သည်တွေက ပုဇွန်နဲ့ စားမလား ကြက်သားဆီပြန်နဲ့လား  အပြိုင်အဆိုင် ရောင်းနေကြတာ စမူဆာ အသုပ် လျှက်စား ရေနွေးပဲသောက်မလား  ဗေဒင်ဆရာပါမကျန် ဈေးကွက်ကြီး တစ်ခုလိုပါပဲ ဆူညံနေတဲ့အသံတွေကြား အိပ်သူလည်းအိပ်ပျော်ကြရဲ့   ကျွန်မတို့နှစ်ယောက်လည်း ဗိုက်ဆာဆာနဲ့ သူများတွေနဲ့တူတူ ထမင်းထုပ် ၀ယ်စားကြတာပေါ့... အဲသူငယ်ချင်းမဆိုရင်လေ လက်ထဲမှာသာ ပိုက်ဆံရှိရင် ဘာစားမယ် ဘယ်သွားမယ် ဘာဝယ်မလဲ နှစ်ယောက်တည်းနဲ့ ပွဲစည်တယ် ခုလည်း စားကြ သောက်ကျပြီးလို့ နောက်တစ်ဘူတာ လည်းထပ်ရောက်ရော  သဘာဝရဲ့ တောင်းဆိုမှုကို မလွန်ဆန်နိုင်တော့ဘူး  ကျွန်မကိုလက်ကုတ်ပီး အိမ်သာဘယ်မှာလဲတဲ့ ကျွန်မလေ ကြံခင်းကနေ ဒီရထားစီးနေကျဆိုတော့ ကောင်းကောင်းသိတယ်  ရိုးရိုးတန်းက အိမ်သာတွေဟာ ရေမပါ တံခါးဆိုလည်း ပျက်စီးနေတတ်တာ နောက် နှစ်ဘူတာဆိုရောက်ပီ ခဏအောင့်ထားပါဆို သူကလည်း မရတော့ဘူး  ဒါဆိုလည်း သွားချေဆိုတော့ တစ်ယောက်တည်းမသွားချင်   လိုက်ပို့လိုက်မှ သူကကိစ္စရှင်းဖို့ အထဲဝင်တော့ ကျွန်မ အပြင်က ရပ်စောင့်ရုံပေါ့  အထဲရောက်မှ ရေကမရှိ တံခါးကလည်း  အောက်ပိုင်းပေါက်နေလို့ ပါလာတဲ့ ပါဆယ်အထုပ်တစ်ချို့နဲ့ ကာပေးထားလိုက်ရတယ် တံခါးမင်းတုန်းကလည်းပျက်နေသေးတယ် ရထားကလည်း နွားလှည်း စီးရသလို အထဲကလူတော့ ဘယ်လိုနေမယ်မသိ အပြင်မှာ ရပ်နေတဲ့ ကျွန်မတောင် မလဲကျအောင် မနည်းထိမ်းနေရတယ် မြင်ယောင်ကြည့်တိုင်း ရယ်ရခက် ငိုရခက်ပဲ တအောင့်ကြာတော့ သူငယ်မ ပြန်ထွက်လာပါကော သူ့မျက်နှာမှာတော့ ၀န်ထုပ်ကြီးတစ်ခု လွှတ်ချလိုက်ရသလို နေသာထိုင်သာ ရှိသွားတဲ့ပုံ ထိုင်ခုံနေရာ ပြန်သွားမယ်  ကြည့်တော့  ထိုင်ခုံမှာ သူများတွေ နေရာယူပြီးနေကြပေါ့  လူကလည်း ကျပ် အတွင်းပြန်ဝင်ရခက်နဲ့ နှစ်ယောက်သား အ၀င်ဝမှာပဲ ရပ်ပီး ဆင်းရမဲ့ ဘူတာ အမြန်ရောက်ပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်   မကြာခင်ပဲ မဲဇလီကုန်း ဘူတာ ဆိုက်ရောက်ပါတော့တယ်  သူငယ်ချင်းတွေလည်းလာကြိုနေကြရဲ့  အဲအချိန်ကျတော့လည်း  ရထားပေါ်က  ဒုက္ခ သေးသေးလေးကို  ခဏတာ မေ့သွားကြပြန်ရော နောင်တစ်ချိန်တော့ ရယ်စရာ တစ်ခုအဖြစ် တိုက်ဆိုင်တိုင်း ပြန်ပြော ဖြစ်ကြမယ် ထင်ပါရဲ့ ...



သူငယ်ချင်းတစ်ယောက်နဲ့
 
အမှတ်တရ
 
 
 
 
 

Wednesday, March 18, 2015

ပူ+ဆာ



လိုအပ်ချက်နဲ့ လိုချင်မှု ဘက်မမျှတွေထဲမှာလိုအင်တွေများရင် ပူလောင်တတ်တယ်  ပူတော့ ရေဆာသလိုပဲ လိုချင်တော့ ရှာဖွေရတယ် ရှာဖွေတော့ ပင်ပန်းရမယ်  ဆန္ဒတွေဟာ ပြီးပြည့်စုံတယ်မရှိလှဘူး

မွေးကင်းစတည်းက လိုချင်တာကို  တောင့်တခွင့်မရခဲ့သလို တောင်းဆိုဖို့ကိုလည်း နှုတ်မထွက်ရဲခဲ့ဘူး  ကလေးဘ၀ တီဗီတွေ အိမ်တိုင်းမ၀ယ်နိုင်သေးတဲ့ အချိန်တစ်ခုတုန်းက   အဖေ အမေကို ပြောဖူးတယ်  ကက်ဆက် သေးသေးလေး လိုချင်တယ်လို့ ပူဆာမိတယ် စားဝတ်နေရေး အတွက်  အဓိက ရုန်းကန်နေရတဲ့ မိဘကို  စာနှာဖို့ မစဉ်းစားတဲ့အရွယ်မှာတော့  မရမှန်းသိတဲ့ အချိန်က စလို့ နောင်ဘာပဲလိုချင်လိုချင် မတောင်းဆိုမိတော့ဘူး  

ပညာသင်ခွင့်ဟာ မတောင်းဆိုပဲ ရခဲ့တဲ့ ဆုလဒ်တစ်ခု ဖြစ်ခဲ့သလို  စာမေးပွဲကျရင် နှစ်ခါ အခွင့်အရေးမရှိဆိုတဲ့ ရာဇသာန်အောက်မှာ အကြောက်ရွံဆုံး ကျရှုံးမှုကို လွတ်အောင်ရှောင်ခဲ့တယ်  

ဘ၀မှာ မိဘကျေးဇူးနဲ့ ရခဲ့တာ ဘွဲ့တစ်ခု ဒါဟာ ဘ၀အမွေလို့ ခေါင်းစဉ်တပ်ခံခဲ့ရတော့  ထပ်တောင်းဆိုဖို့ ကို အပြီး ပိတ်ပင်လိုက်သလိုပဲ  အမှတ်မရှိလေတော့ အလုပ်ဝင်ခါစမှာ  မိဘကို လိုချင်တာလေးရနိုးနိုး ဖွင့်ဟမိတာ ကွန်ပျူတာလေး တစ်လုံး   ပညာသင်ပေးပြီးပြီ  ကိုယ့်ဘ၀ကိုယ် လျှောက် ဆိုတဲ့ စကားက ခါးသီးလွန်းတယ် 

ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လို့ မိဘကို ထောက်ပံ့နိုင်တဲ့အချိန်  ကိုယ်တိုင်လုပ်ယူလို့ရပေမဲ့  ချစ်သောသူတွေဆီက မေတ္တာလက်ဆောင်ကို လိုချင်နေဆဲပဲ ဒါလောဘပေပဲလား  ပေါက်မဲမရှိတဲ့ ကံစမ်းမဲ ကို နှိုက်မိတာ  ဒါနောက်ဆုံးဆိုတာ သေချာသလောက်ပါ  ၀မ်းနည်းသလို စိတ်မကောင်းလည်းဖြစ်မိတယ်  

လောကမှာ လိုချင်နေသရွေ့ မောပန်းကြရဦးမယ် 
ရယူခြင်းမဟုတ်တဲ့ ပေးဆပ်ခြင်းနဲ့သာ ပျော်ဖို့ ကြိုးစားရဦးမှာပါ









Thursday, March 12, 2015

ကျွန်မ နှင့် ဧည့်သည်များ



 
ပြန်တဲ့ သူက ပြန်ကြပြီ
လွပ်လပ်ခွင့်ပေးလိုက်ပါလေ
သူတို့လည်း အိမ်လွမ်းရှာမှာပေါ့
...
 
လာတဲ့ သူတွေလည်း လာကြလှဲ့
ကြိုဆိုလိုက်ပါလေ
သူတို့ရဲ့ မျှော်လင့်ချက် တစ်ချို့အတွက်
...
 
ကိုယ်တိုင်က လမ်းခုလပ်မှာ
ပြန်သူကို နှုတ်ဆက်
လာသူကို ဆီးကြိုလို့
...
 
ဘယ်လမ်းကိုရွေးမလဲ တွေဝေနေဆဲ
...




Wednesday, March 4, 2015

တွေးမိရေးရာ

             
          စာမရေးဖြစ်တာ ကြာသွားပီ  စာဆိုတာလည်း  အကြောင်းအရာ မယ်မယ်ရရမရှိ  feeling မပါပဲ ရေးမကောင်းလား  ခုရက်ထဲ အလုပ်ကလည်းရှုပ်တယ်   ကုမ္ပဏီက ရုံးခန်းပြောင်းတယ်  အလုပ်သမားတွေ ထုပ်ကြ သယ်ကြပေမဲ့ ကိုယ့်ရဲ့ စာရွက်စာတမ်း ဖိုင်တွေကို ရောမှာ စိတ်မချတာနဲ့ ကိုယ့်ဘာသာထုပ်ပိုး  နေရာ သစ်မှာ ပြန်လည် နေရာချ  ..... အရေးထဲ  တစ်ခြားဆိုဒ်က  ၀န်ထမ်း ခွင့်ယူထားလို့ ဟိုဘက် ပြေးလိုက်ရသေးတယ်   ... အဓိကတော့ သူငယ်ချင်းတစ်ယောက် အလည်လာပြီး အလုပ်ရှာတော့  ကူညီနေရာချပေး  အလုပ်ရှာနည်းပြ  လိုအပ်တာ စီစဉ်ပေး ..... 
 
           တကယ်တော့ နိုင်ငံရပ်ခြားဆိုတာ  ရန်ကုန်လိုမဟုတ်  အလုပ်လာလုပ်ချင်လို့ အလုပ်ရှာပေးထားပါ လို့ အာမခံလို့မရ   ကိုယ့်အားကိုယ်ကိုး  အင်တာဗျူးတွေသွား   လူတွေ့စစ်ဆေး  ကံကောင်းလို့ အလုပ်ရခဲ့တောင် ကိုယ့် performance ကို သူဌေးမကြိုက်ရင် အစမ်းခန့် ကာလအတွင်း  ထုတ်လို့ရတာ  အားနာမှုဆိုတာ မရှိ အလုပ်က အလုပ်ပဲ..
 
           သူငယ်ချင်းနဲ့ အတူလာတဲ့ ကောင်မလေးက  IT နဲ့ ကျောင်းပီးထားပေမဲ့    Drafter နဲ့ အလုပ်ရှာတယ်  သူငယ်ချင်းကတော့ အင်ဂျင်နီယာပေါ့လေ    သူတို့နှစ်ယောက် အတူတူလာကြတော့ အိုင်တီသမားက  ကွန်ပျူတာ ကျွမ်းကျင်တော့ အလုပ်ရှာတာ  ချောမောနေမှာပါပဲ သူငယ်ချင်းနဲ့ တူတူ လျှောက်ကြမယ်ပေါ့ တကယ်တော့ အဲလိုမဟုတ်ခဲ့ စလာတဲ့ နေ့ကတည်းက သူတို့ကို တည်းခိုရမဲ့ နေရာ လိုက်ပို့ပီး သူငယ်ချင်းအတွက် လိုအပ်တာတွေ ပြောဆို လုပ်ပေး  အလုပ်လည်းကြိုလျှောက်ထားပေးတယ် ဆိုကတည်းက သူမ စိတ်ထဲမှာ ဘယ်လိုထင်နေလဲ မသိပါ  သူ့မှာတော့ ကူညီမဲ့သူ မရှိ  သူငယ်ချင်းကိုတော့ ကိုယ်က လုပ်ပေးထားတယ်ပေါ့   နောက်နေ့က စပြီး သူမ အလုပ်လျှောက်တိုင်း  တိတ်တိတ်လေးပဲလျှောက်တယ်  မသိလို့ မေးချင်တာတောင် သူ့အနားရောက်သွားရင် ကွန်ပျူတာကို ချက်ချင်းပိတ်လိုက်တယ်...  
 
        ဒီနေရာမှာတော့ တခြားနိုင်ငံသားတွေနဲ့ မြန်မာတွေခြားနားချက်က တော်တော် သိသာသွားတယ် မြန်မာလူမျိုးတွေဟာ အပြင်က ပြုံးနေသလောက် အတွင်း စိတ်က  ဆန့်ကျင်ဘက်   ကိုယ့်ဆီက ပညာ၊ အတွေ့အကြုံ ကို ဝေမျှပေးရမှာ တွန့်တိုကြတယ် သူများ ကောင်းတာဖြစ်ရင် မနာလိုစိတ်လေးတွေ ရှိနေကြတယ် ကိုယ်ကိုတိုင်ကော ဒီထဲက လွတ်ကင်းလို့လားလို့ တွေးမိတယ်  ကိုယ့်အောက် နိမ့်ကျတဲ့ သူကို သနားနိုင်ပေမဲ့ ကိုယ့်ထက် မြင့်တဲ့ သူကိုပါ   မုဒိတာ ပွားဖို့ ခက်ခဲကြတယ်မဟုတ်လား ကိုယ်တိုင်လည်း အများကြီး ကြိုးစားရပါဦးမယ်....