ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Tuesday, May 16, 2017

ကျွန်မနှင့် ဧည့်သည်များ





ကျွန်မ ဘ၀မှာ တွေ့ဆုံခဲ့ဖူးတဲ့ သူတွေ အားလုံးဟာ ကျွန်မရဲ့ ဧည့်သည်တွေပဲဖြစ်တယ်။ ခဏလေး တွေ့ဆုံဖို့ လာခဲ့ကြလို အမြဲတည်းခိုဖို့ရောက်လာကြသူများလည်း ပါဝင်ကြလိမ့်မည်။ တစ်ချို့ဟာ ပေးဆပ်ဖို့လာကြပြီး အများစုကတော့ရယူဖို့ လာကြတာဖြစ်တယ်။ တစ်စိတ်တစ်ပိုင်းဟာ ကြိုတင် ကြံစည်မှုတွေနဲ့ ရောက်လာကြပြီး တစ်ချို့တစ်ဝက်က မမျှော်လင့်ပဲ ဆုံလာကြသူတွေဖြစ်တယ်။ တစ်ချို့ သူတွေကို ကျွန်မကိုယ်တိုင် ဖိတ်ခေါ်ခဲ့သလို မဖိတ်ခေါ်ပါဘဲ လာကြသူတွေလည်း အများအပြားပင်။ ပျော်ရွှင်မှုနဲ့လာကြသူများ ရှိသလို ၀မ်းနည်းမှုတွေအတွက် နှစ်သိမ့်စေရန် အလို့ငှါ လာရောက်ကြသည်။

ကျွန်မဆီ လာကြတဲ့ ဧည့်သည်တွေ အပေါ် ဧည့်ဝတ်မကျွေပွန်တာတွေ ရှိပေမဲ့ ခွင့်လွှတ်တတ်သူတွေလည်း ပါဝင်သလို တာဝန်မကျေပွန်မှုအတွက် မကျေနပ်သူတွေ ရှိနေကြမှာ အသေချာပင်။ ကျွန်မဆီ လာသော ဧည့်သည်အားလုံးအတွက် ၀တ္တရား အရဖြစ်စေ၊ စေတနာ ရှိ၍ဖြစ်စေ တာဝန်ကျေအောင် အမြဲကြိုးစားခဲ့ပါသည်။ ရင်းနီးမှု အတိမ်အနက် ပေါ်မူတည်ကာ သံယောဇဉ် တွယ်မိသည့်အတွက် နာကျင်ခဲ့ရသည်မှာ အကြိမ် မရေတွက်နိုင်။ ပေးဆပ်ခြင်းများအတွက် ပြန်လည် ရယူလိုစိတ် မထားသည့်တိုင် မထင်မှတ်ထားသော တုန့်ပြန်မှုလေးတွေ ရလျှင်တော့ ပုထုစဉ်ပီသစွာ ခံစားတတ်နေသေးသည်။


တစ်ချိန်တည်းမှာပင် ကျွန်မသည် ကျွန်မဘ၀၏ ဧည့်သည် ဖြစ်လို့ နေပြန်သည်။ မည်သို့ပင် ဆုံကြပါစေ၊ ဧည့်သည်ဆိုသည်မှာ တစ်ချိန်တော့ နှုတ်ဆက်ကာ အိမ်သို့ ပြန်ကြရမည် မဟုတ်ပါလား။