ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Tuesday, May 31, 2016

ကျွန်မရဲ့ အဖိုး



" အတူးရေ အတူး "

ကျွန်မကိုအတူးလို့ခေါ်တတ်တာ ကျွန်မရဲ့ အဖိုး (အမေရဲ့ ဖေဖေ) တစ်ယောက်သာရှိတယ်  အမေဟာ အဖိုးရဲ့ သမီးအကြီးဆုံး ဖြစ်သလို မြေးအကြီးဆုံး (ငယ်ငယ်က ဆိုးလွန်းတဲ့) ကျွန်မကိုလည်းပိုချစ်ရှာတယ်  အဖိုးဟာ အသက် ရှစ်ဆယ်နားနီးနေတာတောင် ကျန်းမာရေးကောင်းဆဲ  ကျန်းမာရေးချူချာတဲ့ အဖွား ကို လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်လောက်ကစပီး ထမင်းချက်ကူ ၊ ချိုးရေကစ ခပ်ပေး နေရတဲ့ ကြားက အဖွားရဲ့ အအော်အငေါက်ကို  လည်း ခံရသူ ..... အဒေါ်နဲ့ အတူနေပြီး  နာရီဝက်ခန့် လမ်းလျှောက်လာရတဲ့ ကျွန်မတို့ အိမ်ကိုလည်း စားစရာ ၊ ပေးစရာတစ်ခုရှိတိုင်း  အတူးရေ အတူးရေ ခေါ်ပြီး  ပေါ်လာတတ်တာလည်း မကြာခဏ .... ကျွန်မ ကျောင်းပိတ်ရက်တွေရောက်တိုင်း အတူးရေ အိမ်ကို လာခဲ့ဦးနော် ဘာစားဖို့တော့ ချက်ထားလိုက်မယ် နင့်အမေကြီးလည်း မျှော်နေတယ် လို့ လာခေါ်တတ်မြဲ .... ကျွန်မ အိမ်ပြန်တိုင်းလည်း  အဖိုး နှင့် အဖွားအတွက် လက်ဆောင်တွေဝယ်တတ်စမြဲ ... လက်ဆောင်ပေးပြီးကန်တော့ရင် ၀ယ်မလာပါနဲ့ အကုန်အကျများတယ်ပြောနေပေမဲ့ သူသဘောကျနှစ်သက်ကြောင်း ကိုတော့ ကျွန်မသိခဲ့တယ် .... တစ်ခါတစ်လေ အဖိုးက ပြောတဲ့ အမေကြီး (အဖွားက ) အသုံးစရိတ်မပေးဘူး သူ တစ်ခုခု  လိုအပ်တာရှိလို့ ဆိုတိုင်းကျွန်မ အဖိုးကို သိပ်သနားမိတယ်.... အဖိုးက အဖွားကို ဘယ်တော့မှ   အပြစ်မတင်တတ်ခဲ့ပါ...ဘူး... ကျွန်မ အဝေးကိုရောက်နေတဲ့ အခိုက်အတန့်မှာ ဖုန်းတစ်ခါတစ်လေ ပြောဖြစ်တောင် အတူး နေကောင်းအောင်နေလို့ သတိပေးနေဆဲ (တကယ်ဆို သူတို့ကို ကျွန်မတို့က ပိုဂရုစိုက်သင့်တာပါ )...



ကျွန်မ အဝေးတစ်နေရာကို အလုပ်သွားလုပ်ကတည်းက အတူးဆိုတဲ့ အသံကို မကြားရတာ ကြာခဲ့ပြီ...  ပြီးခဲ့တဲ့ နွေရာသီက အဒေါ်ဆီ ဖုန်းဆက်တော့ အဖိုး ညက ဖိနပ်မပါပဲ လမ်းလျှောက်တာ ခြေထောက် ဆူးခိုက်မိလို့ တဲ့ ကြားတော့ .. ဒီတစ်ခေါက်ပြန်ရင် အဖိုး ကို ဖိနပ်လက်ဆောင်ပေးမယ်လို့စိတ်ကူးမိတယ် ...

" အဖိုး ညက ကိုယ်တစ်ခြမ်းလေဖြတ်သွားတယ် ဆေးရုံမသွားချင်လို့တဲ့ " ... ကျန်းမာရေးကောင်းလွန်းပါတဲ့ အဖိုးကို ဘယ်လိုမှ ထင်မှတ်မထားတဲ့ ရောဂါကြီးနဲ မခံစားစေချင်ဘူး ... မနှစ်က တွေ့တုန်းက အဖိုးပြောခဲ့ဖူးတယ်  ငါတို့က သေဖို့ထိုင်စောင့်နေရတာတဲ့   " ခုလည်း  ကောင်းကောင်းမွန်မွန်နဲ့ ထိုင်စောင့်နေရင် ကောင်းတာပေါ့ အဖိုးကိုယ်တိုင် ဆေးကုမခံချင်ပေမဲ့ ခုဖြစ်တဲ့ရောဂါက အဖိုးတစ်ယောက်တည်း ခံစားရမဲ့ ဟာမျိုးမဟုတ်ဘူး  သူတပါးကူညီလုပ်ကိုင်ပေးမှ စားရတော့မယ် လုပ်တော့ရမယ် သွားရတော့မယ် သူများကိုယ်လည်း ဒုက္ခမပေးရပဲ နေကောင်းအောင် ဆေးရုံကိုသွားလိုက်ပါ "   ဆိုမှ မပီမသနဲ့ အင်းလို့ ပြောရှာတယ်......
တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်  ကျွန်မက ပိုက်ဆံသုံးဖို့ပို့ပေးပြီး ဖုန်းထဲကနေ အဖိုးအဖွားတွေကို ဂရုစိုက်ပြနေတာ  လက်တွေ့မှာ ပြုစု စောင့်ရှောက်ဖို့တောင် အနားမှာရှိမနေနိုင်ခဲ့ဘူး....  ဒီတစ်ခါပြန်ရင် ၀ယ်ရမဲ့လက်ဆောင်က ဖိနပ်တော့မဖြစ်နိုင်တော့ပါဘူး .... အသုံးမ၀င်တဲ့အချိန်မှ ပေးမဲ့ ကျွန်မ လက်ဆောင်တစ်ချို့အတွက် ရှက်မိပါတယ်...... အဖိုးကိုသာ အမြန်လမ်းလျှောက်လာနိုင်ပါစေ  လို့သာ ဆုတောင်းနေရတော့တယ်....