
ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံကြောင့် ရုတ်တရက် လန့်နိုးလာသည်။ အချိန်သည် နံနက် ငါး နာရီခန့် ရှိမည်ထင်သည်။ စောင်ကို ဆွဲတင်ကာ မျက်လုံးကို မဖွင့်ချင်ဖွင့် ဖွင့်ကြည့်မိသည်။ အပြင်မှာ အလင်းစက်တစ်ချို့ မြင်နေရပြီအလင်းရောင်သည် မှိန်သွားလိုက် လင်းလာလိုက် သဘာဝအလင်းရောင် ဖြစ်ဟန်မတူ။ အပြင်က အအေးဓါတ်ကြောင့် ချက်ချင်းပြန်အိပ်မပျော်တော့။ နားထဲမှာ အသံတစ်ချို့ပါ ထပ်ကြားနေရသည်။ စောင်ခြုံလျက်ဖြင့် ခေါင်းထောင်ကာ ပြတင်းပေါက်မှ အောက်သို့ ငုံကြည့်မိတော့ အိမ်အပြင်ဘက် လှမ်းမြင်နေရသည်။ မီးလင်းဖို တစ်ခု ၊ နံဘေးမှ လူနှစ်ယောက်ထိုင်ကာ ထင်းမီးဖိုမှ အပူငွေ့ကို လှုံယူနေသည်ဟန်တူသည်။ တစ်ယောက်မှ မီးဖိုအတွင်းသို့ တုတ်နှင့်ထိုးဆွကာ မီးအပူဓါတ်ပိုမိုရရှိအောင် ကြိုးစားနေသည်။ ထိုသူနှစ်ယောက်မှာ ဖေဖေနှင့် မေမေရယ်ပါ။ ဆောင်းတွင်းအချမ်းပိုတဲ့ လများဆို နံနက်စောစောထကာ မီးလင်းဖိုနံဘေးမှာ ခုလို အပူလှုံတာ သူတို့်ရဲ့အကျင့်လို ဖြစ်နေပြီ။ တစ်ခါတစ်ရံ ဖေဖေကောက်ညှင်းကျီတောက်လုပ်သည်ဖြစ်စေ မေမေကောက်ညှင်းပေါင်း လုပ်သည်ဖြစ်စေ ထိုနေ့မျိုးတွင် အိပ်ယာမှအစောကြီး ထတတ်သည်။ အိပ်မပျော်ဘူးထင်လို့ သူတိုနဲ့အတူ မီးဖိုဘေးမှာ အပူလှုံရင် ပိုကောင်းမလား စဉ်းစားသေးသည်။ နံနက်လင်းဖို့က အချိန်အတော် လိုသေးတော့ အနည်းငယ်ပျင်းရိသလို ဖြစ်မိပြန်သည်။ ထိုစဉ်....
တီတီ...တင်တင်...
တီတီ...တင်တင်...
တီတီ...တင်တင်...
အလုပ်သွားဖို့ အချိန်မှန်ပေးထားတဲ့ နှိုးစက်မြည်သံ... ကြားမှ...
အိမ်မက်လေးကိုတော့ အတော်နှမြောမိသွားသည်...
...
...
...
အတွေးထဲမှ ရာသီစက်ဝိုင်းသည် မိုးရာသီကုန်လွန်လို့ အေးမြတဲ့ ဆောင်းကာလကို ဖြေးညှင်းစွာ ကူးပြောင်းလာလေပြီ ။ ကိုယ့်အဖို့မှာကားမိုးနှင့်နွေကိုသာ တစ်လှည့်စီ ဖြတ်သန်းရင်း ဆောင်းဥတုရဲ့ နှင်းစက်ငွေ့ လေးများရောထွေးနေတဲ့ လေကို မရှုရှိုက်ဖြစ်သည်မှာ လေးနှစ်တင်းတင်းပြည့်တော့မည်။ ပြက္ခဒိန်တွေကို တစ်ရွက်စီဆုပ်ဖြဲရင်း ဂဏာန်းတွေကို တစ်ရစ်ရစ်ရေတွက်ရင်း ကုန်ခဲ့သော ကာလများဟာ နွေးထွေးတဲ့ မိသားစုရှိရာ အိမ်ဆိုသည့် အသိုက်အမြုံ ဆီမှ တဖြည်းဖြည်း ဝေးရာသို့ ခေါ်ဆောင်သွားခဲ့ချေပြီ။